တီဟီရန်၊ ဇူလိုင် ၆

ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်တဲ့ မာဆောက် ပီဇက်ခီယန်ဟာ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ် ပြိုင်ဖက် ဆာအစ် ဂျာလီလီကို အနိုင်ရရှိပြီး အီရန်နိုင်ငံရဲ့ သမ္မတသစ် အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

ဒေါက်တာ ပီဇက်ခီယန်ဟာ မဲပေါင်း သန်း ၃၀ ကျော် ရေတွက်ပြီးနောက် ၅၃ ဒဿမ ၃ ရာခိုင်နှုန်း အနိုင်ရရှိကြောင်း ဖော်ပြနေတာကြောင့် ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြိုင်ဖက် ဂျာလီလီကတော့ မဲ ၄၄ ဒဿမ ၃ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။

သမိုင်းတလျှောက် မဲပေးသူ အနည်းဆုံးအဖြစ် ၄၀ ရာခိုင်နှုန်းပဲ ရှိခဲ့တဲ့ ဇွန် ၂၈ ရက် ပထမအကျော့ ရွေးကောက်ပွဲမှာ ဘယ်ကိုယ်စားလှယ်လောင်းကမှ မဲအများစုမရရှိဘဲ ဖြစ်ခဲ့ပြီးနောက် ဒုတိယအကျော့ ထပ်ပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အီရန်ရဲ့ အရင် သမ္မတ အီဗရာဟင် ရိုက်စီဟာ ပြီးခဲ့တဲ့ မေလက ရဟတ်ယာဉ် ပျက်ကျမှုအတွင်း အခြား လူ ၇ ဦးနဲ့ အတူ သေဆုံးသွားခဲ့ပြီးနောက် ရွေးကောက်ပွဲ ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

အီရန် ပြည်ထဲရေးဝန်ကြီးဌာနက အပြီးသတ်ရလဒ်ကို မကြေညာခင်မှာတောင် ရွေးကောက်ပွဲအနိုင်ရ ပီဇက်ခီယန်ရဲ့ ထောက်ခံသူတွေဟာ တီဟီရန်နဲ့ အခြားမြို့တွေရဲ့ လမ်းမတွေပေါ်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

နှလုံးခွဲစိတ် ဆရာဝန်ဟောင်း တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ပီဇက်ခီယန်ဟာ အီရန်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘာသာရေး ရဲတပ်ဖွဲ့ကို ဝေဖန်သူ ဖြစ်ပြီး အီရန်ရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်ကနေ အထီးကျန်နေတဲ့ အခြေအနေကို အဆုံးသတ်လိုသူလည်း ဖြစ်ပါတယ်။

ပျက်ပြယ်သွားခဲ့တဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီမှုကို ပြန်လည် အသက်သွင်းရေးအတွက် အနောက် အင်အားကြီး နိုင်ငံတွေနဲ့ ညှိနှိုင်းရေး ဒေါက်တာ ပီဇက်ခီယန်က အလိုရှိနေပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဂျာလီလီကတော့ အနောက်တိုင်းကို သဘောထား တင်းတင်းမာမာနဲ့ ဆန့်ကျင်သူ ဖြစ်ပြီး ဘာသာရေး အသိုင်းအဝိုင်းကြား ထောက်ခံမှု ရရှိခဲ့သူ ဖြစ်ပါတယ်။

အနောက်အင်အားကြီး နိုင်ငံတွေနဲ့ ချုပ်ဆိုခဲ့တဲ့ နျူကလီးယား သဘောတူညီမှုဟာ အီရန်ရဲ့ အနီရောင်စည်းကို ဖြတ်ကျော်တာ ဖြစ်တယ်ဆိုပြီး သူက အဲဒီ သဘောတူညီမှုကို ဆန့်ကျင်နေတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေ အများကြီး မကျေမနပ် ဖြစ်နေကြတာကြောင့် သမ္မတရွေးကောက်ပွဲကို လူသန်းပေါင်းများစွာ သပိတ်မှောက်ခဲ့ကြတာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် မဲပေးသူ အရေအတွက်ဟာ သမိုင်းတလျှောက် အနည်းဆုံး ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.