သီပေါ၊ ဇူလိုင် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ SSPP/SSA ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် TNLA ရဲ့မြို့နယ်မှူးသေဆုံးခဲ့ပြီး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို သယ်ယူပို့ဆောင်ချိန် သီပေါမြို့နယ် ကြံခင်းကျေးရွာအနီးမှာ SSPP/SSA (ရှမ်းပြည်တပ်မတော်) တပ်တွေက အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
SSPP/SSA တပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်မှုကြောင့် TNLA ရဲ့ သီပေါမြို့နယ်မှူး ဗိုလ်ကြီးနေအုပ်ဟာ ကားပေါ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ရဲဘော်တွေဖြစ်တဲ့ မိုင်းအလင်း၊ မိုင်းအညီနဲ့ မိုင်းထွန်းအေးတို့ဟာ လက်နဲ့ပေါင်တွေမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အရင်က သီပေါမြို့နယ်နဲ့ ကျောက်မဲမြို့နယ်တွေကို ဖြတ်သန်းသွားလာရာမှာ SSPP/SSA တပ်မှ TNLA ကို ပစ်ခတ်တိုက်ခိုက်ခြင်းမရှိဘဲ အခုစစ်သုံ့ပန်းတွေ ခေါ်ဆောင်လာတဲ့ သီပေါမြို့နယ်မှူးအဖွဲ့အား ပစ်ခတ်မှုကြောင့် TNLA တပ်ဖွဲ့တွေ ဖြေရှင်းဖို့ကြိုးပမ်းချိန် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနဲ့ နောင်ပိန်ကြီးကျေးရွာမှာလည်း SSPP/SSA တပ်ဖွဲ့မှ PSLF/TNLA တပ်ဖွဲ့တွေကို စတင်ပစ်ခတ် တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။
အဲဒီလို TNLA နဲ့ SSPP/SSA ရဲ့ အောက်ခြေတပ်တွေရဲ့ နားလည်မှုလွှဲပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကို သက်ဆိုင်ရာ ခေါင်းဆောင်တွေက ဆွေးနွေးညှိနှိုင်းခဲ့ပြီး ပစ်ခတ်မှကို ရပ်တန့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media