သထုံ၊ ဇူလိုင်လ ၆

မွန်ပြည်နယ် သထုံမြို့နယ်၊ ထုံးဘိုကြီးကျေးရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ဒေသခံနေအိမ် ၆ လုံးနဲ့ သီလရှင်ကျောင်းပျက်စီးသွားတယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၃ ရက်နေ့မှာ ဝင်းပကျေးရွာအခြေစိုက် ခမရ ၉ ကနေ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးရွာထဲ တစ်လုံးကျပြီး နေအိမ်တွေကိုထိမှန်ခဲ့တယ်လိုဆိုပါတယ်။

လက်နက်ကြီးကျည်က ကျေးရွာနေအိမ်တွေထဲကို ကျရောက်မှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်ပေမယ့်လည်း ဒေသခံရွာသားတွေ လုပ်ငန်းခွင်သွားချိန်ဖြစ်လို့ လူထိခိုက်သေဆုံးမှုမရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောကြားခဲ့ပါတယ်။

စစ်တပ်ပစ်တဲ့လက်နက်ကြီးကြောင့် ဒေသခံနေအိမ် ၆ လုံးနဲ့ သီလရှင်ကျောင်းပျက်စီးသွားပြီး ကျေး ရွာထဲလက်နက်ကြီး ကျတဲ့နေ့မှာတော့ ဒေသခံအချို့ဟာ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။

မေလ ၂၄ ရက်နေ့ကလည်း ဘီးလင်း ခလရ ၈ အခြေစိုက် စစ်ကောင်စီတပ်စွဲထားတဲ့ ဘုရားဆိပ်ကျေးရွာကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ သထုံအပိုင် တောင်သူဌေးကုန်းကျေးရွာထဲကိုကျပြီး ဒေသခံ ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.