မိုးကုတ်၊ ဇူလိုင် ၆

မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်မှ KBZ ဘဏ်နဲ့ CB ဘဏ်တွေကို ဖောက်ထွင်းပြီး ငွေသားနဲ့ ကျောက်မျက်ရတနာ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းဝန်ကျင်ကို ယူဆောင်သွားတယ်လို့ TNLA က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျူဟာ၊ PDF (513)နဲ့ ပကဖ (မိုးကုတ်) တို့ပူးပေါင်းပြီး ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်းရှိ ကျပ်ပြင်ရဲစခန်းနဲ့ ဘဏ်တွေမှာ ထွက်ပြေးခိုအောင်းနေခဲ့တာပါ။

ဘဏ်အတွင်း ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တအာင်းတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းရာ KBZ ဘဏ်နဲ့ CB ဘဏ်ရှိ ငွေသားနဲ့ ကျောက်မျက်ရတနာတွေကို ဖောက်ထွင်းယူဆောင်သွားတဲ့ အထောက်အထားတွေကို တွေ့ရှိရတယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သား အလောင်းတစ်ဦးချင်းစီရဲ့ ကျောပိုးအိတ်မှာလည်း ငွေသားသိန်း ၅၀ ကျပ်နဲ့ ကျောက်မျက်ရတနာတွေကိုလည်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျူဟာ၊ PDF (513)နဲ့ ပကဖ (မိုးကုတ်) ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းက မြင်ကွင်းတွေကို TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာ မိတ်အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ရှမ်းမြောက်က မြို့နယ်တွေနဲ့ မန္တလေးတိုင်းက မြို့နယ်တွေမှာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.