ဘန်ကောက်၊ ဇူလိုင် ၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တို့ကို ဆက်သွယ်ထားတဲ့ နိုင်ငံတကာ ရထားဝန်ဆောင်မှု အသစ် တစ်ခုကို ဇူလိုင် ၁၉ ရက်မှာ စတင်မှာဖြစ်ကြောင်း ထိုင်းအစိုးရ ရထားဌာနက ဇူလိုင် ၃ ရက်မှာ ကြေညာပါတယ်။

ထိုင်းအစိုးရရဲ့ ရထားဌာနက ဒီဝန်ဆောင်မှု အသစ်အတွက် ဘန်ကောက်-နောင်ခိုင်လမ်းကြောင်းကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

အဲဒီရထားလမ်းပိုင်းပေါ်က ပထမဆုံးရထားဟာ ဘန်ကောက် မြို့လယ်ပိုင်းရှိ ခရွန် သက် အပီဝတ် ဗဟို ရထားဘူတာရုံကနေ ဇူလိုင် ၁၉ ရက် နံနက် ၉ နာရီ ၂၅ မိနစ်မှာ ထွက်ခွာမှာဖြစ်ပြီး ဗီယက်ကျန်းမြို့ ခမ်ဆာဗက် ဘူတာရုံသို့ ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီ ၅ မိနစ်မှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

သတ်မှတ်နေရာသို့ ရောက်ရှိသွားတဲ့ ခရီးသည်တွေအနေနဲ့ ၇ ကီလိုမီတာကနေ ၉ ကီလိုမီတာအထိ ဝေးတဲ့ ဗီယက်ကျန်းမြို့ထဲကို ဗန်ကားတွေ၊ တက္ကစီတွေ အပါအဝင် အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပြီး သွားလာနိုင်မှာ ဖြစ်တယ်လို့ အရာရှိ တစ်ယောက်က ပြောကြားခဲ့ပါတယ်။

ခရီးသည်တွေ အနေနဲ့ ဗီယက်ကျန်းရှိ အထင်ကရ နေရာတွေကို သွားရောက် လည်ပတ်နိုင်ပြီး လာအိုနိုင်ငံက အခြားပြည်နယ်များသို့ သွားရောက်ရေး သို့မဟုတ် တရုတ်နိုင်ငံသို့ သွားရောက်ရေး ဗီယက်ကျန်း ရထားဘူတာရုံကနေ မြန်နှုန်းမြင့် လာအို-တရုတ် ရထားနဲ့ လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်ကနေ ဗီယက်ကျန်းအထိ ခရီးတစ်ကြောင်းစာ တတိယတန်း လက်မှတ် တစ်စောင်အတွက် ဘတ် ၃၀၀ လောက် ပေးရမယ်လို့ မျှော်လင့်ရကြောင်း အဲဒီ အရာရှိက ပြောကြားထားပါတယ်။ မြို့နှစ်မြို့ကြား ခရီးသွားဖို့ ကြာချိန်က ၁၀ နာရီလောက် ရှိမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ရထားဝန်ဆောင်မှု အသစ် စတင်တာနဲ့အတူ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍနဲ့ ပို့ဆောင်ရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ထိုင်းအစိုးရ ရထားဌာန အရာရှိတွေက လာအို ရထားအရာရှိတွေကို လေ့ကျင့် သင်ကြားပေးဖို့လည်း စီစဉ်ထားပါတယ်။

ဥဒွန် သာနီ၊ နောင်ခိုင်၊ သန်နာလင်းနဲ့ ဗီယက်ကျန်း ရထားဘူတာရုံတွေကြား စမ်းသပ်ပြေးဆွဲမှုကို ဘာပြဿနာမှ မရှိဘဲ မေ၂၁ ရက်က ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် အခုလို ရထားဝန်ဆောင်မှု အသစ် အကောင်အထည် ပေါ်လာတာ ဖြစ်ကြောင်း ထိုင်းအရာရှိတွေက ပြောကြားထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.