တနင်္သာရီ၊ ဇူလိုင် ၇

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) မှ ဗိုလ်တစ်ဦးနဲ့ ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက် နေ့လည် ၂ နာရီခွဲအချိန်မှာ အင်အား ၈၀ ဝန်းကျင်ဖြင့် ရမ်းဖိုကျေးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို ရမ်းဖိုကျေးရွာနဲ့ ချောင်းညီကိုကျေးရွာကြားမှာ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗိုလ်ခရင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသအ ခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ခရင်းနဲ့ ရဲဘော်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဗိုလ်ခ ရင်းအဖွဲ့နဲ့ နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေး တာဝန်ခံက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးမှု ရှိနေတယ်လို့ ဗိုလ်ခရင်းအဖွဲ့ရဲ့ ရဲဘော်တွေရဲ့ ပြောပြချက်ကို ကိုးကားပြီး စစ်ကြောင်း ၂ ပြန်ကြား ရေး တာဝန်ခံက ဆက်လက်ပြောကြားခဲ့ပါတယ်။

တနင်္သာရီမြို့နယ်ထဲက ရမ်းဖို၊ ကမ်းတိုနဲ့ ဘန်းလမွတ်ကျေးရွာတွေဟာ တစ်ဆက်တည်းရှိနေပြီး အဲ့ဒီ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းပြန်မဆုတ်သေးဘဲ ဇဝဲအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှာရှိနေပြီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ လမ်းကင်းချတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တုံးပျောကြီးကျေးရွာရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.