မကွေး၊ ဇူလိုင် ၆

မကွေးတိုင်း စလင်းမြို့နယ်ကို စစ်ကောင်စီရဲ့ အပတ်စဉ် ၁ သင်တန်းဆင်း လို့ယူဆရတဲ့ တပ်သားသစ်တွေထပ်တိုးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဇူလိုင် ၅ ရက် ညပိုင်းမှာ စစ်ကား ၃ စီးနဲ့အတူအင်အား ၇၀ ဝန်းကျင်ဟာလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စလင်းမြို့နယ်ရဲစခန်းကို ရောက်ရှိလာပါတယ်။

“ဒါမျိုးအင်အားတိုးတာကိုခုမှတွေ့ဖူးတာပါ။ ဒီမှာရှိတဲ့တပ်တွေက အင်အားမရှိလို့တောင် ပျူတွေကိုသုံးနေရတာ။ ခုက စစ်သားယူနီဖောင်းတွေနဲ့ရောက်ချလာတာ။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စလင်းမြို့ အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခ.လ.ရ ၂၅၃၊ ၂၅၄၊၂၅၅ တပ်တွေက အင်အားတွေကိုလည်း ပခုက္ကူနဲ့ စလင်းမြို့ရှေ့တန်းတွေမှာပို့ထားရတာကြောင့်အင်အားမရှိဘူးလို့ သိရပါတယ်။

အဲဒီတပ်တွေမှာ စစ်သည်အင်အားမလုံလောက်တာကြောင့် ပွင့်ဖြူမြို့နယ်က ဝါစိုက်ပျိုးရေးတပ်နဲ့ ပျူစောထီးတွေကို စလင်းမြို့နယ် တိုက်ပွဲတွေမှာအသုံးပြုနေရတာပါ။

ဇူလိုင် ၆ ရက်နေ့မှာတော့ စစ်ကောင်စီတပ်သား ၃ ဦးစီသာပါပြီး စစ်လက်နက်ခဲယမ်းတွေသယ်ဆောင်လာတယ်လို့ ယူဆရတဲ့ ကားကြီးသုံးစီးဟာလည်း စလင်းမြို့နယ်ကို ရောက်ရှိလာပါတယ်။

ဇူလိုင် ၅ ရက်ညပိုင်းကရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်ထဲက ၆၀ ဝန်းကျင်ဟာ ဇူလိုင် ၆ ရက် နံနက်ပိုင်းက ကားကြီး ၂ စီးနဲ့အတူ စလင်း-ကံပြားလမ်းကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် လူသစ်အဖြစ် အတင်းအဓမ္မခေါ်ယူခံရသူအရေအတွက်ဟာ မြန်မာတစ်နိုင်ငံလုံးမှာအများဆုံးပမာဏအဖြစ် အယောက် ၄၀၀ ကျော်ရှိခဲ့တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.