ညောင်လေးပင်၊ ဇူလိုင် ၇

KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၅ ရက်တာ အတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းနင်းမှုကြောင့်လည်း ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

KNU မုန်းမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ဇူလိုင်လ ၁ ရက် နေ့လည် ၁၂ နာရီခွဲအချိန်က သာစည်မှာ အခြေချတဲ့ စစ်ကောင်စီတပ်က နောင်ချိုကျေးရွာထဲကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းနေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ရကြတာပါ။

ဒါ့အပြင်သေဆုံးသူတို့ရဲ့ သားသမီး ၃ ဦး၊ တူတစ်ဦး စုစုပေါင်း ၄ ဦးတို့ဟာ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ မနက် ၆ နာရီအချိန်က မုန်းမြို့နယ် ငနွားဆိပ်ကျေးရွာနေ အသက် ၄၉ နှစ် အ မျိုးသားတစ်ဦးဟာ သူ့ရဲ့ နေအိမ်ခြံလမ်းဘေးမှာ စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

KNU လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲမှာလည်း ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က စစ်ကောင်စီတပ် ခမရ ၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ဟာ ရွာသာယာ ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဇူလိုင် ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ် ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးတစ် လုံး၊ ခမရ ၂၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာမှာ တောကြောင်ပေါက်နဲ့ ဖိုးအင်းကုန်းရွာအကြားနဲ့ ချုံအင်းနဲ့ ကွင်းကုန်းရွာအကြား ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဇူလိုင် ၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ကျောက်တံခါးမြို့ကနေပြီး ၁၂၀ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ခိုလိုကျေးရွာအနီး ကျရာက်ပေါက်ကွဲခဲ့သလို စစ်ကောင်စီတပ် ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်မှုကြောင့် ခိုလိုကျေးရွာနဲ့ ဘုရားဇီးကုန်းအကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်မှုကြောင့် သမင်အင်းကုန်းရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး သမင်အင်းကုန်းရွာနေ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဇူလိုင်လ ၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တောင်ခင်ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး တဆက်တည်းမှာ စစ်ကောင်စီတပ် ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်မံပစ်ခတ်ခဲ့လို့ ကြိတ်ကွင်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူ ထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်ပြီး လက်နက်ကြီး ဒရုန်းစတဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းထောင်မှု၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ နေ့စဉ်လိုလို လုပ်ဆောင်နေတဲ့အတွက် ဒေသခံအရပ် သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ရပြီး စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.