မြဝတီ၊ ဇူလိုင် ၆

စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အစွမ်းကုန်ရိုက်ချိုးသွားမှာဖြစ်ပြီး အောင်ဇေယျစစ်ဆင်ရေးနဲ့အတူ ရှေ့တန်းကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်လာရောက်အပ်နှံကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုက ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မိမိဆန္ဒမပါဘဲ စစ်တပ်ထဲ အတင်းအဓမ္မသွပ်သွင်းခံရပြီး အကြပ်ကိုင်ခိုင်းစေမှုကြောင့် အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းတစ်နေရာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံ တကာဥပဒေစံနှုန်းနဲ့အညီ အသက်ရှင်သန်ခွင့်ရလိုပါက KNLA ထံ လာရောက် လက်နက်အပ်နှံဖို့က တစ်ခုထဲသောနည်းလမ်းဖြစ်တယ်လို့ KNLA က ဆိုပါတယ်။

“ကျည်ဖြုတ်ထားသော သေနတ်အား နောက်ကြောတွင်လွယ်၊ ခေါင်းငုံ့ပြီးလက်ဗလာဖြင့် ရောက်ရှိသည့်နေရာမှ နေရပ်စွန့်ခွာကာ ရှေ့တန်းရှိ KNLA တပ်ဖွဲ့ထံသို့ အရောက်လာပါ” လို့ KNLA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ဇူလိုင် ၅ ရက်နေ့ မနက်အချိန်က စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးနောက်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဝင်ရောက်နှောက်ယှက်ပစ်ခတ်ပြီး အောင်ဇေယျထိုးစစ်ဆင်ရေးကို ပူးပေါင်းတပ်ဖွဲ့နဲ့အတူ အစွမ်းကုန်ရိုက်ချိုးသွားမှာဖြစ်တယ်လို့ KNLA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုအသိပေးခဲ့တာပါ။

ဇူလိုင် ၅ ရက်နေ့ မနက်ပိုင်းမှာပဲ ကော့ကရိတ်မြို့အနီးပတ်ပတ်လည်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ကော့ကရိတ်မြို့ မြောက်ပိုင်းက ကျေးရွာတွေထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြောက်ပိုင်း ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့ လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့သလို ဒေသခံတွေကလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ ကော့ကရိတ်ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတော်အဆင့်ဖြစ်တဲ့ အောင်ဇေယျလို့အမည်ရတဲ့ စစ်ဆင်ရေးတစ်ရပ်ကို ပြီးခဲ့တဲ့ ဧပြီလကတည်းက စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီအောင်ဇေယျစစ်ကြောင်းဟာ ၃ လကြာလာတဲ့အထိ KNU နယ်မြေ ဒေါနတောင်တန်းပေါ်မှာသာ ရှေ့မတိုးနိုင်ဘဲ ဆက်ရှိနေတာပါ။

လအတန်အကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအချို့ဟာ KNLA ပူးပေါင်းတပ်ဖွဲ့တွေထံ လက်နက်ချလာရောက်ပူးပေါင်းတာတွေ ရှိနေတယ်လို့ KNLA ဗဟိုရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA (File Photo)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.