လားရှိုး၊ ဇူလိုင် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

မနေ့ ဇူလိုင် ၄ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်ကစပြီး လာရှိုးမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် လားရှိုးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၉ နဲ့ ၁၁ တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး သားအမိနှစ်ဦးနဲ့ ပညာရေးကောလိပ် အနောက်ဘက်လမ်းက ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရပ်ကွက် ၅ မှာလည်း စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နောက်ထပ်ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့ ညပိုင်းအထိ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လားရှိုးမြို့ပေါ်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အပြင် နေ့လည် ၂ နာရီအချိန်ခန့်မှာလည်း ရပ်ကွက် ၉ ရှိ အမှတ် ၁၅ မူလွန်ကျောင်းမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းဆောင်‌တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာတော့ တော်လှန်ရေးအင်အားစုတွေဟာ ဇူလိုင် ၃ ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်တွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၆ ဦးအပါအဝင် အရပ်သားပြည်သူ ခုနှစ် ဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ် ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.