မနီလာ၊ ဇူလိုင် ၅

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်တပ်ဖွဲ့တွေ အနေနဲ့ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ထပ်မံ အကြမ်းဖက်တာခံရလို့ရှိရင် တူညီတဲ့အင်အားနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်သွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ်က ဇူလိုင် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက တောင်တရုတ်ပင်လယ်မှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ပုဆိန်တွေ၊ လှံချွန်တွေနဲ့ တိုက်ခိုက်မှုကြောင့် ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိခဲ့ပြီး ဖိလစ်ပိုင် သင်္ဘောငယ် နှစ်စီးလည်း ပျက်စီးခဲ့ရပါတယ်။

ရေတပ်သင်္ဘော နှစ်စီး ပျက်စီးမှုအတွက် တရုတ်က ကန်ဒေါ်လာ ၁ သန်း လျော်ကြေးပေးရမှာ ဖြစ်ပြီး ဇွန် ၁၇ ရက်မှာဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ တရုတ်ကမ်းခြေစောင့်တပ်တွေ သိမ်းဆည်းသွားတဲ့ ရိုင်ဖယ် နှစ်လက်ကိုလည်း ပြန်ပေးရမယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ် ရိုမီယို ဘရောနာ ဂျူနီယာက တောင်းဆိုထားပါတယ်။

ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက မိမိတို့အနေနဲ့ တရုတ်ရဲ့ ရန်စမှုတွေကို ကန့်ကွက်နေရုံနဲ့ မပြီးဘဲ လက်တွေ့အရေးယူ ဆောင်ရွက်ဖို့ လိုနေပြီလို့ ပြောကြားခဲ့ပြီးနောက် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီနှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဖိလစ်ပိုင် ရေတပ်အရာရှိ တစ်ဦး ညာဖက်လက်မ ပြတ်သွားခဲ့တဲ့အတွက် ခွဲစိတ်ကုသမှုကိုလည်း တရုတ်က ကျခံပေးရမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်က တောင်းဆိုထားပေမယ့် တရုတ်က အကြောင်း မပြန်သေးဘူးလို့ သိရပါတယ်။

မိမိတို့ဟာ ကိုယ့်ကိုကိုယ် ကာကွယ်ခွင့်ရှိတဲ့ အင်အားမျိုးနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဘရော်နာက တရုတ် ကမ်းခြေစောင့်တပ်ကို သတိပေး ပြောကြားခဲ့ပါတယ်။

တရုတ်ပါဝင်တဲ့ တောင်တရုတ်ပင်လယ် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့လည်း ပါဝင်နေပါတယ်။

ဒီနေရာမှာ ထိပ်တိုက်တွေ့ဆုံမှုတွေက လက်နက်ကိုင်ပဋိပက္ခ အသွင်ပြောင်းလဲသွားရင် အမေရိကန်နဲ့ တရုတ် ထိပ်တိုက်တွေ့လာနိုင်ပါတယ်။

သဘာဝသယံဇာတ ကြွယ်ဝပြီး ကမ္ဘာ့ကုန်သွယ်ရေး အဓိကလမ်းကြောင်းတစ်ခု ဖြစ်တဲ့ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က သူတို့ပိုင်တယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက တရုတ်ရဲ့ အခုလိုမျိုး ပြောဆိုမှုဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် တရုတ်က ဂရုမစိုက်ခဲ့ပါဘူး။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.