ကျိုက်မရော ၊ ဇူလိုင် ၆

မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေရပ်ပြန်ဒေသခံအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ရှိနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ဇူလိုင် ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာပြီးနောက်ပိုင်း နေရပ်ပြန် ဒေသခံအမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညအချိန်မတော် အိမ်တံခါးတွေခေါက်ပြီး လိုက်လံနှောင့် ယှက်နေတဲ့အပြင် လမ်းသွားလမ်းလာတွေကို စစ်ဆေးကာ လူငယ်အမျိုးသမီးတွေကို နှုတ်အားနဲ့ နှောင့်ယှက်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စားသောက်ဖို့ ထမင်းဟင်းနဲ့ စားသောက်ဖွယ်ရာတွေကို အ တင်းအဓမ္မ ချက်ပြုတ်ခိုင်းတာနဲ့ ပြည်သူတွေ နေရပ်ပြန်လာချိန်မှာလည်း နေရပ်ပြန်မွန်အမျိုးသမီးတွေကို အခုလို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ပြုမှုနေကြောင်း စုံစမ်းသိရှိရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် မိသုတဂျော်ကတော့ ပဋိပက္ခအတွင်းမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ နိုင်ငံတကာဥပဒေဖြစ်စေ စစ်ပွဲဥပဒေနဲ့ဖြစ်စေ ချိုးဖောက်ရာကျတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပဋိပက္ခအတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုး‌ဖောက်တာဖြစ်တဲ့အတွက် နိုင်ငံတကာဥပဒေသော်လည်းကောင်း စစ်ပွဲဥပဒေသော်လည်းကောင်း ဘယ်ပဋိပက္ခမဆို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်လို့မရဘူး။ အခုကျူးလွန်မှုတွေဟာ စနစ်တကျ မုဒိမ်းကျင့်မှုကို လက်နက်သဖွယ်အသုံးပြုပြီးမှ တခြားဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့ ဇနီးမယား ဒီဒေသမှာရှိတဲ့ အမျိုးသမီးတွေကို စခန်းသွင်းပြီးမှ လိင်ကျေးကျွန်ပြုမှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာကျပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်က ဂျိုင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာတွေထဲကို စစ်သင်္ဘောကနေ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ မတ်လနောက်ဆုံး အပတ်ကစပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာပါ။

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်စွဲထားတဲ့ ကျေးရွာနဲ့ အနီးအနားကျေးရွာတွေမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်နဲ့ ခြံဝင်းတွေထဲမှာရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဖောင်ထွင်းယူငင်ခဲ့ကြတာလည်း ရှိခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားချိန်မှာ လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ရုံသာမက တိုက်ပွဲဖြစ်ပွားတဲ့ ဒေသက ပြည်သူတွေ နေရပ်မပြန်ရဲစေဖို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံ ဆက်တိုက်ကျူး လွန်နေဆဲလို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂျိုင်းမြစ်ဝှမ်းဒေသက နေရပ်ပြန် အမျိုးသမီးတွေအပေါ် နှောင့် ယှက်စော်ကားနေပြီး ပြည်သူလူထုရှင်သန်ရေးအတွက် အန္တရာယ်ပြုနေတဲ့အပေါ် မွန်ပြည်ဖက်ဒ ရယ်ကောင်စီက အပြင်းအထန် ရှုံ့ချကြောင်း သဘောထားထုတ်ပြန်ခဲ့တာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ကျူးလွန်ခံရသူဘက်က ဆန္ဒရှိမယ်ဆိုရင် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ နိုင်ငံတကာတရားရုံးအထိ လိုက်ပါကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ မိသုတဂျော်က ပြောပါတယ်။

“ကျွန်မတို့ MSFC အနေနဲ့ကတော့ ကျူးလွန်ခံရသူရဲ့ သဘောဆန္ဒအလျောက် လုပ်ဆောင်လိုတဲ့အ ရာတွေကို ပံ့ပိုးကူညီဖို့ တရားစွဲဆိုရာသော်လည်းကောင်း သက်ဆိုင်ရာ နိုင်ငံတကာတရားရုံးအထိ တရားစွဲဆိုမှုတွေကို ကျူးလွန်ခံရသူ ဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့လိုက်ပါကူညီ‌ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ်။ လုံခြုံရေးကိုလည်း ကျွန်မတို့အလေးထားပါတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီလက်ချက်ကြောင့် အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး အ ကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေအပေါ် စစ်ကောင်စီတပ်က လူ့အခွင့်အရေးတွေ ထပ်မံချိုးဖောက်နေတာကို ပြင်းထန်စွာရှုံ့ချတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပြည်သူတွေရဲ့ ဘဝရှင်သန်ရေးအတွက် အနှောင့်အယှက်ပေး အန္တရာယ်ပြုနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံးရပ်တန့်နိုင်ရေး စစ်ကောင်စီကို လူထုက စည်းလုံးညီညွတ်စွာ နည်းလမ်းပေါင်းစုံနဲ့ အလျင်အမြန်ဖြုတ်ချဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် အကူအညီတွေလိုအပ်နေတဲ့မွန်ဒေသကပြည်သူတွေကို ပြည်တွင်း၊ ပြည်ပရောက် ပြည်သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လူသားစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီက အလေးအနက်တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ပုံစာ-နေရပ်ပြန်စစ်ရှောင်ပြည်သူများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.