“အရင်ကထက်စာရင် မီဒီယာတွေ ရပ်တည်ရေး ခက်လာတယ်။ အခု ဇူလိုင်လဆိုရင် တချို့ မီဒီယာအသေးလေးတွေ ရပ်သွားပြီ။ ထောက်ပံ့ရေးလည်း နည်းလာပြီ။ အန္တရာယ်‌လည်း များလာပြီ”

ဦးတိုးဇော်လတ် (အတွင်းရေးမှူး – IPCM)

၂၀၂၁ ခုနစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ဆိုးရွားကျဆင်းလာနေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ မီဒီယာစိန်ခေါ်မှု အခြေအနေတွေကြောင့် ပြည်တွင်းပြည်ပက လွတ်လပ်တဲ့သတင်းမီဒီယာသမားတွေ စုပေါင်းပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ဖွဲ့စည်းတည်ထောင်ရတဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ ကော်မတီဖွဲ့စည်းပြီးသွားရင် အဖွဲ့အနေနဲ့ ဘာတွေကို အဓိကထားလုပ်ဆောင်သွားဖို့ရှိမလဲ။ လက်ရှိမှာတော့ မြန်မာသတင်းမီဒီယာလောကနဲ့ သတင်းမီဒီယာသမားတွေကို ဘာတွေကူညီပေးနေသလဲ။ သတင်းမှားတိုက်ဖျက်ရေးလို သတင်းမီဒီယာလောကမှာ မဖြစ်မနေလိုအပ်တဲ့ တန်ပြန်လုပ်ဆောင်မှုတွေကိုရော လုပ်ဆောင်ဖို့ရှိမလား ဆိုတာတွေကို IPCM ဥက္ကဌ နန်းဖော့ဂေ၊ အတွင်းရေးမှူး ဦးတိုးဇော်လတ်တို့နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။

မေး – လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီတည်ထောင်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

နန်းဖော့ဂေ – အဓိက ကတော့ IPCM ကို ဖွဲ့စည်းတည်ထောင်လာတဲ့ အကြောင်းက စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ ကိုယ်စားပြုတဲ့ မီဒီယာကောင်စီ ဆိုတာမရှိဘဲနဲ့ တစ်ဖက် စစ်ကောင်စီလက်အောက်ခံ မီဒီယာ လက်အောက်ခံတွေက နိုင်ငံတကာကို သူတို့က ကိုယ်စားပြုတယ်ဆိုပြီး ချဉ်းကပ်ဆောင်ရွက်နေတဲ့အပေါ်မှာ တကယ်တမ်း အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခု ရှိသင့်တယ် ဆိုတဲ့ အခြေခံအပေါ်မှာ လက်လှမ်းမီသလောက် ချိတ်ဆက်ဆောင်ရွက်လို့ရတဲ့ နေရာဒေသ အသီးသီးက လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ ပေါင်းစုကာ ညီလာခံလုပ်ပြီးတော့ IPCM ကို ဖွဲ့စည်းခဲ့တယ်။

ရည်ရွယ်ချက်ကတော့ လွတ်လပ်တဲ့ မီဒီယာအနေနဲ့ ဖြစ်တယ်။ lPCM က လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေကို ကိုယ်စားပြုတဲ့ မြန်မာမီဒီယာကောင်စီ ဖြစ်ပါတယ် ဆိုတာကို ရည်ရွယ်တာပေါ့နော်။ နောက်တစ်ခုက IPCM ရဲ့ ဖွဲ့စည်းပုံအရဆိုရင် IPCM မှာ အမှုဆောင်ကော်မတီ ဆယ့်ငါးဦး ရွေးကောက်တင်မြှောက် ရမယ်ပေါ့နော်။

အဲဒီအထဲမှာက လွတ်လပ်တဲ့ သတင်းဌာနတွေကို ကိုယ်စားပြုတဲ့ ကောင်စီဝင် ကိုးဦး ပြီးရင် လွတ်လပ်တဲ့ အလွတ်တန်းမြန်မာသတင်းထောက် သုံးဦး၊ နောက် မီဒီယာကျွမ်းကျင်တဲ့ပုဂ္ဂိုလ် နှစ်ဦး နောက်ပြီးတော့ မီဒီယာနားလည်တဲ့ ဥပဒေပညာရှင် တစ်ဦး စုစုပေါင်း ဆယ့်ငါးဦးနဲ့ ဖွဲ့သွားဖို့ ဖွဲ့စည်းပုံထဲပါတယ်။

တိုးဇော်လတ် – အဓိက ရည်ရွယ်ချက် လေးခုပေါ့ဗျာ။ အဓိက တစ်ခုကတော့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးပေါ့။ တစ်ခု ပါပါတယ်။ အဖမ်းခံရတဲ့ သတင်းထောက်တွေ ကျွန်တော်တို့ စာရင်းအရတော့ ငါးဆယ့်ခြောက်ယောက်ပေါ့ဗျာ။ လက်ရှိကျန်နေသေးတာပေါ့။ သူတို့ကို ဘယ်လိုထောက်ပံ့မလဲ။ ဘယ်လို အကာအကွယ်ပေးမလဲ။

အဲဒီလိုပဲ နောက်ထပ် မြေပြင်မှာရှိတဲ့ သတင်းထောက်တွေ ပြည်တွင်းပြည်ပမှာရှိတဲ့ သတင်းထောက်တွေ။ အဓိက ကတော့ Safety ကတော့ အရေးကြီးဆုံး နံပါတ်တစ်ပါ။ နိုင်ငံတကာမှာ၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သတင်းမီဒီယာကောင်စီက စစ်တပ်အာဏာသိမ်းသွားတဲ့အထဲမှာ မီဒီယာကောင်စီကိုပါ အာဏာသိမ်းသွားတယ်။ ကျွန်တော်တို့ရဲ့ တရားဝင် သတင်းထောက်တွေကို ကိုယ်စားပြုတဲ့ မီဒီယာကောင်စီတစ်ခု ပြည်တွင်းနဲ့ နိုင်ငံတကာကို ပြောနိုင်အောင်ပါ။

နောက်တစ်ခုက ပရော်ဖက်ရှင်နယ်ပေါ့။ မီဒီယာတွေထဲမှာ မီဒီယာကျင့်ဝတ်ပေါ့။ အဲဒီလိုပဲ ပြီးရင် တကယ်လို့ ရှေ့နေတွေ ဘာတွေရမယ်။ နောက်တစ်ခုက သတင်းရယူပိုင်ခွင့်ပေါ့။ အခု VPN ကိစ္စဆိုလည်း သတင်းရယူပိုင်ခွင့်နဲ့ ဆိုင်ပါတယ်။ သတင်းစီးဆင်းမှုကိုပိတ်တာ။ အဲဒီလိုပဲ ဒီဘက်မှာ သတင်းထောက်တွေ သတင်းရင်းမြစ်ကို ရယူပိုင်ခွင့်ပေါ့။ အဲဒါရယူဖို့ ဖွဲ့ထားတာပါ့။ ဒါကတော့ အဓိက ရည်ရွယ်ချက်ပါ။

မေး – အခုလက်ရှိမှာအမှုဆောင်ကော်မတီဝင်တွေကို ခေါ်ယူနေတယ်ဆိုတော့ ကော်မတီဖြစ်မြောက်သွားရင် ပထမဆုံးလုပ်ဆောင်မယ့် လုပ်ငန်းက ဘာလဲ။ တခြား ဘာလုပ်ငန်းတွေကိုရော ဆက်လုပ်သွားမလဲ။

နန်းဖော့ဂေ – အမှုဆောင်ကော်မတီ ဖြစ်မြောက်မှ မဟုတ်ဘူးပေါ့နော်။ စပြီးတော့ ဖွဲ့စည်းလိုက်ကတည်းက အလုပ်တွေက လုပ်လာပြီ။ အဓိကအားဖြင့်ကတော့ ဘာလဲဆိုရင် သတင်းမီဒီယာ ကျင့်ဝတ်တွေပေါ့။ သတင်းမီဒီယာ ကျင့်ဝတ်တွေကို ပြန်ပြီးတော့ update အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့ ကိုက်ညီမယ့် အခင်းအကျင်း၊ သတင်းမီဒီယာ ကျင့်ဝတ်ကို ရေးသားနိုင်ခဲ့တယ်။

ပြီးခဲ့တဲ့ မေလ သုံးရက်နေ့က ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ အဲဒါကို ထုတ်ပြန်ခဲ့တယ်။ ဒုတိယ ရည်ရွယ်ချက်ကတော့ လုပ်ငန်းစဉ်သုံးခု အဓိကထားခဲ့တယ်။ တစ်အချက်က သတင်းမီဒီယာ ကျင့်ဝတ်ကို ရေးဆွဲခဲ့တယ်။ သတင်းထုတ်ပြန်ခဲ့တယ်။ နောက်တစ်ခုက အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေမှာ ရှိတဲ့ သတင်းမီဒီယာတွေနဲ့လည်း ကွန်ရက် ချိတ်ဆက်မှုတွေ ပိုပြီးတော့ အားကောင်းအောင် လုပ်သွားမယ်ဆိုတာ ရှိတယ်။

နောက်ဆုံးတစ်ခုကတော့ ဒေသအသီးသီးမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ကိုယ်ရဲ့ လွတ်လပ်တဲ့ မြန်မာသတင်းသမားတွေအတွက်ကို သူတို့ရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ရှိရေး အတွက်ပါ လုပ်ဆောင်သွားမယ် ဆိုတာလည်း ရှိတယ်။ အဲဒါကို တစ်ဆင့်ချင်းတော့ လုပ်လာတယ်။

ဒါပေမဲ့ ပိုပြီးတော့ ဒီနှစ်ရဲ့ ခြောက်လပတ်မှာ လုပ်ဆောင်သွားဖို့ ရှိတယ်။ နောက်ပြီးတဲ့အခါတော့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့စည်းတွေနဲ့လည်း ဒုတိယခြောက်လပတ်မှာ မီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူခွင့်ဆိုင်ရာတွေ တွေ့ဆုံဆွေးနွေးသွားဖို့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။

တိုးဇော်လတ် – ကျွန်တော်တို့အတွက် full capacity (အင်ပြည့်အားပြည့်) မဖြစ်သေးဘူး။ ပထမညီလာခံက ဆုံးဖြတ်ထားတာ ကျွန်တော်တို့ စိတ်ကူးပေါက်လို့ ထလုပ်တာ မဟုတ်ဘူး။ ညီလာခံက Press Council (မီဒီယာကောင်စီ) ကို ဘာတွေလုပ်စေချင်လဲ ဆိုတာ ပါတယ်။ အဲဒီထဲမှာ အခု ဒုတိယညီလာခံက ရွေးနိုင်တာက ဆယ့်ငါးယောက် မရွေးနိုင်ဘူး။ ဆယ်ယောက်ပဲ ရွေးနိုင်တယ်။

အဓိက တစ်သီးပုဂ္ဂလတွေ ကျန်တယ်။ တစ်သီးပုဂ္ဂလ သုံးယောက် ကျန်တယ်။ ရှေ့နေတစ်ယောက် ကျန်တယ်။ မီဒီယာကျွမ်းကျင်သူ တစ်ယောက် ကျန်တယ်။ အဲဒါကို ကျွန်တော်တို့ ပြည့်သွားအောင် လုပ်နေတာပါ။ ဆိုလိုတာက အစုံလိုက်ပေါ့။ တစ်သီးပုဂ္ဂလလည်း ချန်မထားခဲ့ချင်ဘူး။ ဥပဒေရေးရာ ကျွမ်းကျင်သူကိုလည်း ချန်မထားခဲ့ချင်ဘူး။

အဲဒီလိုဖော်ဆောင်နိုင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ပိုဖော်ဆောင် လာနိုင်မှာပေါ့။ အခု ဆယ်ယောက်တောင်မှ ခြောက်လ၊ ခုနှစ်လ လုပ်တာ ကော်မတီ ကိုးခုရှိနေပြီ။ လုပ်နေတာတွေအများကြီးပဲ။ လူပိုစုံလာမယ် ဆိုရင်တော့ ဒီထက် အားနဲ့ အင်နဲ့ လုပ်ဆောင်နိုင်မယ်လို့ ယူဆပါတယ်။

နောက်တစ်ခါ ကျွန်တော်တို့ လုပ်နေတာကတော့ ဥပမာ NUCC ၊ KNU သူတို့တွေမှာ မီဒီယာ ပေါ်လစီရှိဖို့ လိုက်လုပ်နေတာပဲလေ။ အဓိကတော့ သတင်းရယူခွင့်ကို လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံပေးပါ ဆိုတဲ့ဟာ လိုက်လုပ်နေတာ။

မေး – သတင်းမှားတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ရော ဘာတွေလုပ်ဆောင်နေလဲ။

နန်းဖော့ဂေ – လောလောဆယ်ကတော့ သတင်းမှားတိုက်ဖျက်ရေးရယ်လို့ မလုပ်သော်လည်း IPCM အနေနဲ့ သတင်းအချက်အလက်တွေကို စုဆောင်းတာတွေ အထူးသဖြင့် လတ်တလောကတော့ သတင်းအမှား ကို တန်ပြန်တာမျိုးတော့ မလုပ်ဆောင်နိုင်သေးဘူး။

လောလောဆယ် လုပ်ဆောင်နေတာတွေကတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေက သူတို့တရားစွဲဆိုခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေ၊ ပြန်လည်လွတ်မြောက်လာမှုတွေ ဆက်လက်ပြီးတော့ အကျဉ်းထောင်မှာ ရှိနေဆဲဆိုတဲ့ အချက်အလက်မှတ်တမ်းတွေကိုတော့ အချိန်နဲ့အညီ စုဆောင်းလုပ်ဆောင်နေပါတယ်။

သက်ဆိုင်ရာ နယ်မြေတွေ၊ နယ်စပ်ဒေသ အသီးသီးမှာ ရောက်နေတဲ့ ဂျာနယ်လစ်တွေရဲ့ သတင်းအချက်အလက်ကိုတော့ ဆက်လက်ပြုစုသွားဖို့ ရှိပါတယ်။

တိုးဇော်လတ် – ကျွန်တော်တို့တော့ မလုပ်ဘူး။ ကျွန်တော်တို့ပါတဲ့ မီဒီယာ အထူးသဖြင့် Mizzima မှာလည်း နေ့စဉ် သတင်းအမှား ပရိုဂရမ်ဆိုပြီးရှိတယ်။ ဒီထဲမှာပါတဲ့ တစ်သီးပုဂ္ဂလ အဖွဲ့ဝင်တွေမှာတော့ လုပ်တဲ့ ပရိုဂရမ်တွေ အများကြီးရှိပါတယ်။ မီဒီယာတိုက် အလိုက်ပေါ့။

ကျွန်တော်တို့ Press Council အနေနဲ့တော့ capacity ရှိလာရင် လုပ်ပါမယ်။ အခုလောလောဆယ်ကတော့ မလုပ်နိုင်သေးလို့ မစနိုင်သေးတာပါ။ ရှိလာရင် လုပ်သင့်တဲ့ ကိစ္စပါဗျ။

မေး – ထောင်ကျနေတဲ့သတင်းသမား ၅၀ ကျော်အတွက် ဘာတွေ လုပ်သွားဖို့ရှိမလဲ။

တိုးဇော်လတ် – ကျွန်တော်တို့ကတော့ သူတို့ကို ထောက်ပံ့နေတာရှိပြီးသား။ အဲဒီလိုပဲ ထပ်ပြီးအမှုရင်ဆိုင်ရတဲ့သူတွေ ထပ်ပေးသင့်တဲ့ သူတွေကို လောလောဆယ် ကိုယ်တိုင် ထောက်ပံ့နိုင်ရင် ထောက်ပံ့၊ မထောက်ပံ့နိုင်ရင် သူများကို ထောက်ပံ့တဲ့သူနဲ့ ချိတ်ဆက်ပေးပါတယ်။

အဲဒါတွေကတော့ တချို့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အကုန်လုံးတော့ သေချာပြောလို့မရဘူးပေါ့။ သေချာတာကတော့ သူတို့ရဲ့ ရပ်တည်နိုင်ရေး ထောင်ဝင်စာတွေ့ရေးကို လုပ်ပေးနိုင်သလောက် လုပ်ပေးပါတယ်။

မေး – လက်ရှိ မြန်မာသတင်းမီဒီယာလောကရဲ့ အခြေအနေကို ဘယ်လိုသုံးသပ်မလဲ။

နန်းဖော့ဂေ – လက်ရှိ သတင်းမီဒီယာလောကကတော့ လက်ရှိ အခက်အခဲကနေ ဆက်လက် လည်ပတ်နေရတဲ့ အစုအဖွဲ့ မီဒီယာတိုက် အသီးသီးကပေါ့နော်။ ဒေသတွင်း မီဒီယာက ဖြစ်စေ၊ တိုင်းရင်းသား မီဒီယာက ဖြစ်စေ၊ တစ်နိုင်ငံလုံး လွှမ်းခြုံပြီးတော့ သတင်းထုတ်ပြန်ပြီး လုပ်နေတဲ့ မီဒီယာဖြစ်စေ၊ အရင်ကထက်စာရင် အခက်အခဲတွေ အများကြီး ပေါ်လာတယ်။

ရေရှည်သွားဖို့အတွက် ရပ်တည်ရေးရော ရင်းမြစ်တွေပေါ့။ အခက်အခဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲပေါ်မှာ သုံးသပ်ပြီးတော့ အပြန်အလှန်ချိတ်ဆက် ဆွေးနွေးတိုင်ပင်ပြီးတော့ လည်ပတ်သွားပါမယ်။

တိုးဇော်လတ် – လောလောဆယ်တော့ သိပ် အခြေအနေ မကောင်းကြဘူးဗျ။ အရင်ကထက်စာရင် မီဒီယာတွေ ရပ်တည်ရေး ခက်လာတယ်။ အခု ဇူလိုင်လဆိုရင် တချို့ မီဒီယာအသေးလေးတွေ ရပ်သွားပြီ။ ထောက်ပံ့ရေးလည်း နည်းလာပြီ။ အန္တရာယ်‌လည်း များလာပြီ။ လက်ရှိမှာဆိုရင် ရှင်ဒေဝီ တစ်သက်တစ်ကျွန်းကျတာတို့၊ ရှေ့က DVB ရဲ့ သတင်းထောက် တစ်ယောက်လည်း ကျတာမျိုးရှိပါတယ်။

တစ်သက်တစ်ကျွန်း ကျတာ နှစ်ယောက်ရှိပြီ။ ဆိုလိုတာကတော့ ရှေ့လျှောက်လည်း ပိုကျပ်လာလိမ့်မယ်။ စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ပေါ့။ အခုဆိုရင် ရွေးကောက်ပွဲလုပ်မယ်။ သန်းခေါင်စာရင်းကောက်မယ် ဆိုပြီး မီဒီယာတွေကို စကျပ်လာပြီ။ ဘက်ပေါင်းစုံမှာ ပိုပြီး ကျပ်တည်းလာတယ်။ အဲဒီအထဲကမှ သတင်းသမားတွေ ရှင်သန်နိုင်အောင် နည်းမျိုးစုံနဲ့ ဘယ်လိုရှင်သန်မလဲ ရှာဖွေပြီးတော့ ရပ်တည်သွားဖို့ ကြိုးစားရမှာပေါ့။

မေး – သတင်းစီးဆင်းမှုကို ဖြတ်တောက်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတဲ့အပေါ်မှာရော အဖွဲ့အနေနဲ့ ဘာတွေ တန်ပြန်လုပ်ဆောင်သွားဖို့ရှိမလဲ။

တိုးဇော်လတ် – အခု ကျွန်တော်တို့ လိုက်ပြီးတော့ လုပ်နေတာပဲလေ။ အထူးသဖြင့် မြန်မာပြည်မှာ အသစ်ဖြစ်ပေမယ့် မီဒီယာပိတ်တာ ရုရှားမှာ ကြာလှပြီ။ အဲဒါကို ကူညီတဲ့ဟာမျိုးရှိတယ်။ Open Technology Resources လို့ခေါ်တယ်။ ရုရှားအသိုင်းအ၀န်းကို သူတို့ရဲ့ VPN ကျော်ဖို့ဆိုတဲ့ဟာ သူတို့ ထောက်ပံ့တယ်။ အဲဒီလိုဟာတွေတော့ စပြောနေပါပြီ။ လမ်းကြောင်းတွေရှာနေပါတယ်။

ပိတ်တာဆို့တာကတော့ ဒီခေတ်ကြီးမှာ နည်းပညာနဲ့ ဘယ်လိုလုပ်ပြီး ပိတ်လို့ရမှာလဲ။ ပိတ်ရင်ကျော်တဲ့ နည်းလမ်း ရှိရမှာပေါ့ အဲဒီတော့ သူများတွေ ဘယ်လိုလုပ်သလဲဆိုတာကြည့်ပြီး တုံ့ပြန်ဖို့ ကြိုးစားနေပါတယ်။ တာဝန်ရှိတဲ့သူတွေ နိုင်ငံတကာက အကူအညီပေးတဲ့သူတွေကို ပြောပြီး လောလောဆယ် လုပ်နေပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Frontier Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.