သရက်ချောင်း၊ ဇူလိုင် ၅

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ အိမ်စီးကားနဲ့လာတဲ့ ရဲနဲ့ပျူစောထီးအဖွဲ့ ကြားဖြတ်တိုက် ခိုက်ခံရတာကြောင့် ပျူစောထီး တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီ နောင်စစ်ကြောင်းထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ဘက်ကို အင်အား ၁၀ ဝန်းကျင်နဲ့ အိမ်စီးကားနှစ်စီးနဲ့လာတဲ့ ရဲနဲ့ပျူစောထီးတွေကို ထားဝယ်-သရက်ချောင်းလမ်းပိုင်းတစ်နေရာမှာ ဒေါင်းညီနောင်စစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီပစ်ခတ် တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ ပျူစောထီးတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နောက် ထပ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲနဲ့ပျူစောထီးအဖွဲ့တွေ အိမ်စီးကားနဲ့ လာမယ်ဆိုတဲ့ သတင်းအတိအကျ ရထားတဲ့အတွက် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗလာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေါင်းညီနောင်စစ်ကြောင်း ထုတ်ပြန်တဲ့ ရုပ်သံဖိုင်အရ အိမ်စီးကားနဲ့ ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာတဲ့ ရဲနဲ့ပျူစောထီးကားတွေ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အရှိန်ပြင်းမောင်းနှင်းသွားတာပါ။

ဒါ့အပြင် သရက်ချောင်းမြို့နယ်က ပြည်သူတွေအနေနဲ့ စစ်ကောင်စီ၊ ပျူစောထီးတွေနဲ့ နီးစပ်တဲ့ နေ ရာတွေကို မဖြစ်မနေသွားမယ်ဆိုပါက စစ်ရေးသတိရှိစွာနဲ့ ဖြတ်သန်းသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကလည်း ရေဖြူအခြေစိုက် အမှတ် ၄၀၇ ခြေမြန်တပ်ရင်းကနေ ထွက်လာတဲ့ အိမ်စီးကားတစ်စီး ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ဗိုလ်ကြီး ဇင်ဝင့်အောင်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒေါင်းညီနောင်စစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.