ရေဖြူ၊ ဇူလိုင် ၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုကနေ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသွားတဲ့ ဒေသခံရှစ်ဦးအနက် ဒေသခံတစ်ဦးရဲ့ ရုပ်အလောင်းကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဇာဒီရွာနဲ့ ခေါင်ပြန်ရွာက အမျိုးသားလေးဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်းရှစ်ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီထဲက ခေါင်ပြန်ရွာသား အသက် ၄၀ အရွယ် ကိုနိုင်နိုင်ရဲ့ ရုပ်အလောင်းကို ဇွန် ၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ကျေးရွာသုသာန်အနီး ချောင်းထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူ ကိုနိုင်နိင်ရဲ့ အလောင်းမှာ မျက်နှာအနှံ့ ထိုးနှက်ခံထားရလို့ ဖူးယောင်ဒဏ်ရာ၊ ဓားနဲ့ခုတ်ခံထားရလို့ ဝမ်းဗိုက်ပြတ်ရှဒဏ်ရာ၊ နဖူးကွဲဒဏ်ရာနဲ့ခန္ဓကိုယ်မှာလည်း အညိုအမဲစွဲနေတဲ့ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဇာဒီကျေးရွာထဲမှာ စစ်ကြောင်း ဆက်ရှိနေတာကြောင့် သတ်ဖြတ်ခံရတဲ့ ကိုနိုင်နိုင်ရဲ့ ရုပ်အလောင်းကိုတော့ အလောင်းတွေ့ရှိရာ နေရာအနီးမှာပဲ မြှုပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

ကိုနိုင်နိုင်နဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ နောက်ထပ်ဒေသခံ ခုနှစ်ဦးကလည်း သတ်ဖြတ်ခံလိုက်ရပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ အမှတ် ၂၃၇ ခြေလျင်တပ်ရင်းနဲ့ မောရဝတီရေ တပ်ဌာနချုပ်က စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဇာဒီကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်က ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာလေးရွာက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ် ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.