ဘန်ကောက်၊ ဇူလိုင် ၄

ရာဇဝတ်မှု သံသယရှိသူတွေကို အပြန်အလှန် လွှဲအပ်ရေး မြန်မာနဲ့ ထိုင်း ရဲတပ်ဖွဲ့တို့ကြား သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းအကြီးတန်း အရာရှိ တစ်ယောက်က ပြောကြားပါတယ်။

နှစ်နိုင်ငံရဲတပ်ဖွဲ့ကြား သဘောတူညီမှုမှာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဒါမှမဟုတ် ရာဇဝတ်မှု အသေးစား ကျူးလွန်သူတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ အဲဒီထိုင်းအရာရှိက ပြောပါတယ်။

မြန်မာ ပြည်ထဲရေးဝန်ကြီး ရဲချုပ် နီလင်းအောင်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ခရီးစဉ်အတွင်း အဲဒီနားလည်မှု စာချွန်လွှာကို ဘန်ကောက်မြို့ရှိ ထိုင်းရဲဌာနချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့ ထိုင်း လက်ထောက်ရဲချုပ် အီသီပို အချာရီယာပရာဒစ်က ပြောပါတယ်။

မိမိတို့ နှစ်နိုင်ငံထဲက တစ်နိုင်ငံမှာ ရာဇဝတ်မှု ကျူးလွန်ပြီး နယ်စပ် ဖြတ်ကျော် ထွက်ပြေးသွားသူတွေကို သက်ဆိုင်ရာ နိုင်ငံဆီ ပြန်လွှဲပေးရေး သဘောတူညီခဲ့တာ ဖြစ်တယ်လို့ သူက ပြောကြားပြီး လူသတ်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ လူကုန်ကူးမှုတွေလို ကြီးမားတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို လွှဲအပ်ဖို့ သဘောတူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းလိုတဲ့အတွက် ထိုင်းနိုင်ငံထဲ ထွက်ပြေးလာခဲ့သူတွေကို ပြန်လွှဲအပ်ပေးဖို့ ဝန်ကြီး နီလင်းအောင်က တောင်းဆိုခဲ့သလားဆိုတဲ့ မေးခွန်းကိုတော့ အီသီပိုက သူတို့ ဒီကိစ္စနဲ့ ပတ်သက်လို့ မပြောဆိုခဲ့ပါဘူးလို့ ဖြေကြားခဲ့ပါတယ်။

မိမိတို့နှစ်နိုင်ငံကြား နိုင်ငံတစ်နိုင်ငံမှာ ရာဇဝတ်မှု ကျူးလွန်ပြီး တိမ်းရှောင် ထွက်ပြေးလာတယ်လို့ သံသယရှိသူတွေကို ပြန်လွှဲအပ်ရေး အပြန်အလှန် ကူညီပေးနေကြတာကြာပြီ ဖြစ်ကြောင်း အီသီပိုက ပြောကြားခဲ့ပါတယ်။

ဝန်ကြီး နီလင်းအောင်ဟာ စစ်တပ်အရာရှိဟောင်း ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကယားပြည်နယ်မှာ အရပ်သား ၅၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေေကြောင့် ၂၀၂၂ ခုနှစ်အတွင်း အီးယူက အရေးယူ ပိတ်ဆို့ထားသူ ဖြစ်ပါတယ်။

Ref:RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.