မော်လမြိုင်၊ ဇူလိုင် ၄

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကွဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေမှာ ဇွန်လအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးတစ်ဦး အပါအဝင် ရဲနဲ့ တပ်သား ၄၃ ဦး အလင်း ဝင်လာတယ်လို့ NUG က ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ အရာရှိအဆင့် ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး နှစ်ဦးနဲ့ ဒုရဲမှူး တစ်ဦးအပါအဝင် တပ်သားနဲ့ ရဲ ၄၃ ဦးဟာ အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလာပြီး အ ကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု မှာ ပါဝင်လာခဲ့တာပါ။

အလင်းဝင်လာသူတွေထဲမှာ လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေရှိပြီး လက်နက်ယူ ဆောင်လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်း မီးကျောက်တွေလည်း ရရှိခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်းနဲ့ ပကဖတွေမှာ အရာရှိအဆင့် ဗိုလ်မှူးသုံးဦးအပါအဝင် ရဲနဲ့ တပ်သား ၄၅ ဦး အလင်းဝင်ခဲ့ပြီး လက်နက် ၂၄ လက်ရရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော်ဟာ အ ကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတယ်လို့ NUG ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.