မကွေး၊ ဇူလိုင် ၄

မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပုဂ္ဂိုလ်ရေးအရအဆင်မပြေသူတွေကို စစ်မှုထမ်း ဒုတိယအကြိမ်အတွက် ဦးစားပေးခေါ်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျေးရွာအုပ်စု တစ်စုကို (၁၀) ယောက်နှုန်းသတ်မှတ်ထားတာဖြစ်ပြီးတော့ ဇူလိုင် ပထမပတ်ကစလို့ ခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

“အုပ်ကြီးနဲ့ စာရေးတွေက သူတို့နဲ့အဆင်မပြေသူတွေကို အဓိကထားပြီးစာရင်းပေးတာ။ ပြီးတော့ အခြေခံလူတန်းစားတွေရဲ့ သားယောကျာ်းလေးတွေအဓိကပါဝင်ပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အခု စစ်မှုထမ်း ဒုတိယအကြိမ် လူသစ်စုဆောင်းမှုမှာတော့ စာရင်းထဲ ပါသူတွေ အားလုံးကို မလိုက်မဖြစ်၊ ခေါ်ယူနေတာဖြစ်ပြီး မဲနှိုက်ခွင့်မရှိတဲ့အတွက် ပထမအကြိမ်တပ်သားသစ် စုဆောင်းမှုနဲ့ ကွာခြားတယ်လို့ သိရပါတယ်။

အဲဒီဒေသဘက်မှာတော့ စစ်မှုထမ်း ဒုတိယအသုတ်အတွက် စာရင်းထဲပါသူတွေထဲက တချို့ဟာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်း စစ်မှုထမ်း ပထမအသုတ်ခေါ်ယူရာမှာတော့ မဲနှိုက်ရတာတွေရှိခဲ့ပြီး မဲပေါက်သူက ငွေပေးရုံနဲ့ စစ်မှုထမ်းဖို့ရှောင်ရှားနိုင်ခဲ့ပါတယ်။

မကွေးတိုင်းထဲက ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာတော့ စစ်မှုထမ်းတဲ့ လူငယ်တွေအတွက်ဆိုပြီး ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံတာတွေပြုလုပ်ခဲ့ပေမဲ့ အဲဒီအထောက်အပံ့ကိုမိသားစုဝင်တွေကမရရှိကြဘူးလို့ သိရပါတယ်။

မကွေးတိုင်းထဲမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် လူသစ်အဖြစ် အတင်းအဓမ္မခေါ်ယူခံရသူအရေအတွက်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ အများဆုံးပမာဏအဖြစ် အယောက် ၄၀၀ ကျော်ရှိခဲ့တဲ့အကြောင်း ဗမာ့ရေးရာနဲ့ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (BACS) က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ်
ပုံစာ – မင်းဘူးခရိုင်အတွင်း အပတ်စဉ် (၂) အတွက် တပ်သားသစ်အဖြစ် စုဆောင်းခံရသူများကို တတက ၃ ကိုပို့ဆောင်စဉ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.