စဉ့်ကူး၊ ဇူလိုင် ၄

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က နွယ်ရုံရဲစခန်းအပါအဝင် စစ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာတပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင်တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်းနဲ့ နွယ်ရုံရဲစခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ ၄၀ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း ၁၃ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မန္တလေး PDF အနေနဲ့ စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက် လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

မန္တလေး PDF ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေး တိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ စစ်ကောင်စီတပ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MDY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.