နေပြည်တော် ၊ ဇူလိုင် ၅

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း သင်တန်းဆင်းခဲ့ကြတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ က သင်တန်းသားတွေကို စစ်ကောင်စီက ခွင့်မပေးဘဲ တိုက်ပွဲဖြစ်တဲ့ ဒေသတွေနဲ့ တပ်အင်အားလိုအပ်တဲ့နေရာတွေမှာ တန်းပို့တာတွေ ရှိနေတယ်လို့ CDM တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီအသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွင့်လှစ်ခဲ့တဲ့ စစ် မှုထမ်းအပတ်စဉ် ၁ သင်တန်းကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က တိုင်းစစ်ဌာနချုပ်တွေအလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။

စစ်မှုထမ်းသင်တန်းဆင်းတွေဟာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ရှိ မိခင်တပ်ရင်းတွေကို ပို့ဆောင်နိုင်ဖို့ လိုအပ်တဲ့ အရေအတွက်အလိုက် ခွဲဝေအမိန့် ညွှန်ကြားပြီး မိခင်တပ်ရင်းဌာနချုပ်တွေဆီ ရောက်လာရင်တော့ တစ်ပတ် ၁၀ ရက်ကြာ ခွင့်ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်မှုထမ်းအပတ်စဉ် ၁ က သင်တန်းဆင်းတွေအားလုံးကို ခွင့်ပေးတာ မရှိသလို နေရပ်တွေထံ ပြန်ခိုင်းတာလည်းမရှိဘဲ လိုအပ်တဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ ပို့မယ့်အနေအထားလို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူ့စစ်မှုထမ်းဥပဒေအရ ခေါ်ထားတဲ့ သင်တန်းသားတွေအားလုံးကို ခွင့်ပေးခြင်းလည်း မရှိဘူး။ နေရပ်ကို ပြန်ခိုင်းတာလည်း မရှိဘူး။ အခုဆိုရင် မိခင်တပ်ရင်းတွေကိုတောင်မှ မပို့သေးဘူးဆိုတာ ကျွန်တော်တို့ သိရတယ်။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့ တပ်နယ်မှူးအခြေစိုက်တဲ့ တပ်တွေမှာ ထိန်းထားတယ်။ တပ်နယ်မှူး ရုံးမရှိတဲ့ နေရာတွေမှာဆိုရင် တည်းခိုရေးနဲ့ စစ်ကြောရေးနေ ရာတွေမှာ ထားထားတယ်ဆိုတာကိုပဲ ကျွန်တော်တို့ သိရပါတယ်။ သူတို့ကို ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ လိုအပ်တဲ့နေရာတွေကို ချက်ခြင်းအုပ်စုဖွဲ့ပြီး ပို့မယ့်အနေအထားလို့ ကျွန်တော်တို့ သိရပါတယ်”လို့ ဆိုပါတယ်။

တကျော့ပြန် တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်အပါအဝင် ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင် စတဲ့ ဒေ သတွေကို ပို့ဆောင်မယ်လို့ ကြားသိရကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေဆီက သတင်းအချက် အလက်တွေကို ကိုးကားပြီး ဗိုလ်ကြီးဇင်ယော်က ပြောပြပါတယ်။

ပြည်တွင်းသတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ စစ်မှုထမ်းအပတ်စဉ် ၁ က သင်တန်းဆင်းတပ်သားတွေကို မိသားစုတွေထံ ပြန်လာခွင့်မပေးဘဲ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်နဲ့ ရခိုင်က ရှေ့တန်းတပ်စခန်းတွေဆီ ပို့ဆောင်ခဲ့တာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းသင်တန်းဆင်းတွေကို အမည်နဲ့တကွ ရှမ်းမြောက်၊ရခိုင်၊စစ်ကိုင်းနဲ့ တနင်္သာရီဒေသရှိ တိုင်းစစ်ဌာနချုပ်‌တွေရဲ့ ကွပ်ကွဲမှုအောက်မှာရှိတဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေမှာ ခွဲဝေပြောင်းရွှေ့ဖို့ စစ်ကောင်စီက ဇွန် ၂၇ ရက်နေ့ကတည်းက လျှိုဝှက်ညွှန်ကြားထားတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

အဲဒီညွှန်ကြားချက်ထဲမှာ တိုက်ပွဲတွေ ဖြစ်လေ့ရှိတဲ့ ဒေသတချို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ် ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ ခြေမြန်တပ်မဌာနချုပ်တွေရဲ့ ကွပ်ကဲမှုအောက်က ခြေလျင်၊ခြေမြန် တပ်တွေမှာလည်း ခွဲဝေပို့ဆောင်ရမယ်လို့ သတင်းဌာနတချို့က ဖော်ပြပါတယ်။

CDM ဗိုလ်ကြီး ညီသုတကတော့ လက်ရှိ ဘယ်ဒေသမဆို ရှေ့တန်းနီးပါးဖြစ်နေတဲ့အတွက် တပ်အင်အားလိုအပ်နေတဲ့ နေရာတွေ တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေကို နောက်တန်းတာဝန်ထမ်းဆောင်ဖို့ ပြောပြီး ရှေ့တန်းပို့လိုက်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အကုန်လုံးက ရှေ့တန်းတွေ ဖြစ်နေတယ်။ လောလောဆယ် လိုတာလည်း အဲဒီနေရာတွေ (တပ်အင်အား) လိုအပ်နေတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ကတော့ဗျာ။ အဲဒီဘက်တွေရဲ့ နောက်တန်းတာဝန်မှာ ထမ်းဆောင်တယ်လို့ ပြောကောင်းပြောပေမယ့် ရှေ့တန်းပို့လိုက်တာပဲဗျ။ အဲဒီလိုပုံစံနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို ပို့လိုက်တာခင်ဗျာ။ ဆိုတော့ သူတို့ဘက်က ရှေ့တန်းကို တိုက်ရိုက်ပို့ပါတယ်လို့ ပြောမှာမဟုတ်ဘူး။ သို့သော်တိုက်ပွဲဖြစ်နေတဲ့ ပြင်းထန်နေတဲ့ နေရာတွေ ဒေသတွေကို ပို့လိုက်တာ ဖြစ်တဲ့အတွက် တနည်းအားဖြင့်ပြောရင် ဒါကရှေ့တန်းပို့တာပါပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းတွေကို ကြံ့ခိုင်ရေးနဲ့ စစ်ရေးပြဘာသာရပ်တွေအပြင် စစ်နည်းဗျူ ဟာဘာသာရပ်မှာပါဝင်တဲ့ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေးစတာတွေကို သင်ကြားလေ့ကျင့်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သင်တန်းဆင်းတွေဟာ နှစ်နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပေမယ့် နိုင်ငံတော်အရေးပေါ် အခြေအနေမှာတေ့ ၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံမတည်ငြိမ်ရေးအကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို ၆ လ တစ်ကြိမ် သက်တမ်းတိုးယူနေပြီး နောက်ဆုံးတိုးယူထားတဲ့ သက်တမ်းကလည်း ဇူလိုင် ၃၁ ရက်နေ့မှာ ကုန် ဆုံးတော့မှာပါ။

လက်ရှိမှာ စစ်ကောင်စီက တပ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းဖို့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၃ ခုအထိ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေရှိ လေ့ကျင့်ရေးကျောင်းတွေမှာ ဖွင့်လှစ်ခဲ့ပြီး လာမယ့် အပတ်စဉ်အတွက်လည်း တပ်သားစုဆောင်းဖို့ လုပ်ဆောင်နေပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ တပ်အင်အားချိနဲ့လာနေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အား စုတွေရဲ့ ထိုးစစ်တွေကို ရပ်တန့်နိုင်ဖို့ လိုအပ်တဲ့ စစ်အင်အားတွေ ဖြည့်တင်းနိုင်ရေး တပ်သားသစ်တွေကို မြန်ဆန်စွာ သင်တန်းပေးပြီး ရှေ့တန်းပို့ဖို့ စီစဉ်နေတာလို့ သုံးသပ်ထားကြပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ် နှစ်ခုမှာ လူ ငယ် ၉၀၀၀ ဝန်းကျင် စုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.