ဟာသရက်စ်၊ ဇူလိုင် ၃

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဘာသာရေး အခမ်းအနားတစ်ခုမှာ လူအုပ် တက်နင်းမိပြီး လူ ၁၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲမှူး ဆလာဘက် မာသာက ပြောကြားခဲ့ပါတယ်။

ဥသာပရာဒက်ချ် ပြည်နယ် ဟာသရက်စ် ဒေသမှာ ကျင်းပတဲ့ ဟိန္ဒူ ဘာသာရေး အခမ်းအနားမှာ လူအုပ်တက်နင်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အများကြီး ပါဝင်ပြီး ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မူဂယ်ဂါဟီ ကျေးရွာမှာ ကျင်းပတဲ့ အဲဒီဘာသာရေး အခမ်းအနားရဲ့ လူအုပ်တက်နင်းမှုကနေ အသက်ရှင် လွတ်မြောက်လာသူတွေက ဖြစ်ပျက်ခဲ့ပုံကို ပြန်ပြောင်း ပြောပြခဲ့ကြပါတယ်။

ဒါပေမယ့် ဘာကြောင့် လူအုပ် တက်နင်းမှု ဖြစ်ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထွက်ပေါက်ဟာ ကျဉ်းလွန်းပြီး လူတွေ ထွက်ခွာချိန်မှာ သဲမုန်တိုင်း တိုက်သလို ဖြစ်သွားခဲ့ရာကနေ လူတွေဟာ ကြောက်လန့်ပြီး မှောက်လဲခဲ့ကြတာလို့ မျက်မြင်သက်သေတွေက ပြောကြားထားပါတယ်။

ဟောပြောမှု ပြီးဆုံးချိန်မှာ လူတွေ ထပြေးကြတော့တာပဲလို့ မျက်မြင်သက်သေ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

အဲဒီဒေသနဲ့ ဆက်စပ်နေတဲ့ အီသာဒေသက ဆေးဖက်ဆိုင်ရာ အရာရှိ အူမတ် ကူးမား ထရီပသီကတော့ လူအုပ် တက်နင်းမှုကြောင့် သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေးသုံးဦး ပါဝင်တယ်လို့ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

သေဆုံးသူ အပြီးသတ်စာရင်းကို ဖော်ပြဖို့ နောက်ထပ် နာရီပေါင်းများစွာ အချိန်ယူရဦးမှာ ဖြစ်ကြောင်း ဥသာပရာဒက်ပြည်နယ် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ပျံ့နှံ့နေပြီး ဒဏ်ရာရသူတွေကို ထရပ်ကားတွေ၊ သုံးဘီးကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဆေးရုံသို့ ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

တခြားဗီဒီယိုဖိုင်တစ်ခုမှာတော့ ဆေးရုံဝင်ပေါက်မှာ အလောင်းတွေ စုပြုံနေတာ တွေ့ရပြီး ဆွေမျိုးသားချင်းတွေက အော်ဟစ် အကူအညီ တောင်းခံနေတာ တွေ့ရပါတယ်။

ဒီလို ကြီးမားတဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပေမယ့် အစိုးရအရာရှိ တစ်ယောက်မှ ရှိမနေခဲ့ဘူးလို့ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်း တစ်ယောက်က ပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာ ၂၀၁၈ ခုနှစ်မှာလည်း ဟိန္ဒူပွဲတော် တစ်ခုကို ကြည့်ရှုနေကြတဲ့ လူအုပ်ထဲ ရထားတစ်စီး ဝင်တိုက်မှုကြောင့် လူ ၆၀ သေဆုံးခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်ကလည်း မာဒဟာ ပြည်နယ်မှာ ကျင်းပတဲ့ ဟိန္ဒူဘုရားပွဲမှာ လူအုပ် တက်နင်းမှု ဖြစ်ပွားပြီး လူ ၁၁၅ ဦး သေဆုံးခဲ့ရဖူးပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.