လားရှိုး၊ ဇူလိုင် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ ဇူလိုင် ၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေတဲ့ လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်အနီးကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်အတွင်းရှိနေတဲ့ မိသားစုဝင် ခြောက်ဦးလုံး သေဆုံးခဲ့တာပါ။

ဒီလက်နက်ကြီး ပစ်ခတ်မှုဟာ စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပြီး စစ်တပ်လော်ဘီတွေကတော့ TNLA ပစ်ခတ်တာလို့ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။

ဒီနေ့မှာပဲ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာမှာလည်း နေအိမ်တစ်လုံးအပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

လားရှိုးမြို့အနီးပတ်ဝန်းကျင်မှာ ဇူလိုင် ၂ ရက်နေ့ ညနေပိုင်းကစလို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေပြီး တိုက်ပွဲအတွင်း ကုန်တင်ကားတွေနဲ့ ခရီးသည်ကားတွေ ရာနဲ့ချီ ပိတ်မိနေသလို လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားတယ်လို့သိရပါတယ်။
ဇွန် ၂၅ ရက်နေ့ကစပြီး ရှမ်းမြောက်က မြို့နယ်တွေမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အဖြစ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တိုက်ပွဲစတင်ခဲ့တဲ့ တစ်ပတ်ကျော်ကာလအတွင်း ရှမ်းမြောက်က မြို့နယ်တွေမှာ အရပ်သားပြည်သူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA