မြဝတီ၊ ဇူလိုင် ၃

ကရင်ပြည်နယ် မြဝတီမြို့ ရဲစခန်းအနီး မတန်းရမြို့ပတ်လမ်းဆုံမှာ ဇူလိုင် ၂ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က KTV ကနေ ပြန်လာတဲ့ နယ်ထိန်းရဲခေါင်းဆောင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

မြဝတီမြို့ အင်ပါယာ KTV ကနေ ကားနဲ့တစ်ဦးတည်းပြန်လာတဲ့ မြဝတီမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်မင်းနိုင်ကို အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ဝိုင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်နဲ့ဝိုင်းပစ်ခံရတာကြောင့် ရဲအုပ် ဇော်မင်းနိုင်ဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ ရဲအုပ်ဇော်မင်းနိုင်ဟာ KTV ၊ လောင်းကစားရုံတွေအပါအဝင် တရားမဝင်ငွေလွဲလုပ်နေသူ၊ ချဲဒိုင်တွေကအစ လိုင်းကြေးမတရားတောင်းယူမှုတွေကြောင့် မကျေနပ်သူများတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ ပြဿနာဖြစ်ပြီး ပစ်သတ်ခံရတာ ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့တွေနဲ့နီးစပ်သူတွေက ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မြဝတီမြို့ကို လတ်တလောမှာ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် BGF အပါအဝင် NCA စာချုပ်မှာ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တချို့ ပူးပေါင်းပြီး လုံခြုံရေးယူထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.