မတ္တရာ၊ ဇူလိုင် ၃
မန္တလေးတိုင်း မတ္တရာမြို့နယ်ထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း ၁၆ ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြင်ဦးလွင်ခရိုင် ပကဖ နဲ့ မတ္တရာမြို့နယ် ပကဖ တိုက်နယ် (၃) တို့က ဇွန် ၂၆ ရက်နေ့နဲ့ ဇွန် ၂၈ ရက်နေ့တွေမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာပါ။
နှစ်ရက်တာ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ စစ်ကြောင်းထံမှ စစ်သုံ့ပန်း ၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို လက်နက်မျိုးစုံ ၁၄ လက်နဲ့ ကားငါးစီးကို ဖြတ်တောက်နိုင်ခဲ့ပြီး ကားလေးစီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မတ္တရာမြို့နယ်က စခန်းသိမ်းတိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ထားတာပါ။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မန္တလေးတိုင်း မိုးကုတ်နဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၄၀ ထက်မနည်း တအာင်းတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG