ရေဖြူ၊ ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် လဲရှောင်ကျေးရွာအနီး ဖြစ် ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော်လေးဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် လေးဦး ကျဆုံးခဲ့ပြီး ကားတစ်စီးလည်း ဆုံးရှုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုနဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

PDF ရဲဘော်တွေဟာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ သွားစဉ် စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ခံရတာကြောင့် ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထိခိုက်တာမရှိဘူးလို့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ် ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နဘုလယ်တိုက်လယ်က ကျေးရွာငါးရွာအပြင် ခမောက်ချောင်း၊ ဧကနိ၊ ရငဲ၊ လဲရှောင်၊ ဝက်ချောင်းစတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ဖြစ်တဲ့ နဘုလယ်ဒေထဲကို စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ မူးဒူးရွာက နေအိမ်လေးလုံးကို မီးရှို့ဖျက်စီးခဲ့တဲ့အပြင် ဒေသခံတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.