တနင်္သာရီ၊ ဇူလိုင် ၄

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်တို့မှာ ဇူလိုင် ၂ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ဗုံးကြဲသွားတဲ့အတွက် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ မြိတ်လေတပ်စခန်းကနေ တက်လာတဲ့ ရဟတ်ယာဉ်နှစ်စီးဟာ တနင်္သာရီမြို့နယ် သာရဖုံကျေးရွာနဲ့ ကျွန်းစုမြို့နယ်ဝါရစ်ကျေးရွာတို့ကို ဗုံး ၁၀ လုံးထက်မနည်း ကြဲချသွားခဲ့တာပါ။

ဗုံးကြဲခံရတာကြောင့် သာရဖုံကျေးရွာက နေအိမ် ငါးလုံး ပျက်စီးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သလို ဝါရစ်ကျေးရွာက ကိုးတန်းကျောင်းသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ် လာရောက်ဗုံးကြဲသွားတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာထဲကို တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ကျွဲထိန်းကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်က အရပ်သား ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေမှာ PDF ဝင်ရောက်ခိုးအောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မကြာခဏဆို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီ လအထိ လေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၆၀ နီးပါး သေဆုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.