ကျိုက်မရော ၊ ဇူလိုင် ၃
ဂျိုင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း နေအိမ်မီးလောင်ပျက်စီးခဲ့ရတဲ့ ဒေသခံပြည်သူတွေ ယာယီနေအိမ်တွေ ပြန်လည်တည်ဆောက်ပြုပြင်နိုင်ဖို့ ကျပ်သိန်းတစ်ထောင်ကျော် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေ သိရပါတယ်။
အဲဒီထောက်ပံ့မှုဟာ ဇူလိုင် ၂ ရက်နေ့က ဒုတိယအကြိမ်အဖြစ် နေအိမ်မီးလောင်ခဲ့ရတဲ့ ကျိုက်မရောမြို့ နယ် ဓမ္မသကျေးရွာက နေအိမ် ၁၃၇ လုံးနဲ့ ကျွန်းကုန်းရွာက နေအိမ် ၈ လုံးတို့အတွက် တစ်အိမ် ငါးသိန်းကျပ်စီ ထောက်ပံ့ပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် ဓမ္မသကျေးရွာက နေအိမ် ၄၅ လုံးနဲ့ ကျွန်းကုန်းရွာက နေအိမ် ၂၁ လုံးအတွက် အလားတူ ငွေကြေးထောက်ပံ့ပေးခဲ့တာလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေ သိရပါတယ်။

စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေနဲ့ ဂျိုင်းမြစ်ဝှမ်းက ဒေသခံတွေ နေအိမ်ပြန်လည်တည်ဆောက်နိုင်ဖို့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်အဖြစ် နေအိမ် ၂၁၁ လုံးအတွက် တစ်ထောင့်ငါးဆယ့်ငါသိန်းကျပ် ကူညီထောက်ပံ့ပေးခဲ့တာပါ။

လောလောဆယ်မှာတော့ စစ်ဘေးရှောင်အများစုဟာ နေရပ်ပြန်လာဖို့ စိတ်ပြင်းပြပေမယ့် တိုက်ပွဲအခြေအနေနဲ့ လက်နက်သံတွေ ဆက်လက်ကြားနေရတာကြောင့် အတည်တကျ နေရပ်ပြန်နေထိုင်ဖို့ စိတ်မချရဲဘူးလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဆိုပါတယ်။

တစ်ဘက်မှာတော့ စစ်ရှောင်တွေအတွက် သူတို့ ဆန္ဒအတိုင်း နေရပ်ပြန်လာမယ်ဆိုရင် လိုအပ်တာတွေ ဝိုင်းဝန်းကူညီပေးနိုင်ဖို့ လောလောဆယ်မှာ ဂျိုင်းမြစ်ဝှမ်းဒေသက ကော့ဘိန်း၊ ဓမ္မသနဲ့ ကျွန်းကုန်းကျေးရွာတို့မှာ ယာယီရုံး ၃ နေရာ ဖွင့်လှစ်ပေးထားပါတယ်။

စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဟာ စစ်ရှောင်တွေကို ကူညီနိုင်ဖို့ အထူးသဖြင့် မွန်အမျိုးသားအဆင့် လှုပ်ရှားနိုင်ဖို့ ရည်ရွယ်ပြီး မွန်သံဃာတော်တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်တိုးတက်ရေးပါတီ၊ မွန်အရပ်အဘက်အဖွဲ့အစည်းတွေနဲ့ လူသားချင်းကူညီရေး တက်ကြွလှုပ်ရှားသူတွေက ဧပြီနှောင်းပိုင်းမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ဘေးရှောင်ကူညီရေးအဖွဲ့