ဝါရှင်တန်၊ ဇူလိုင် ၂

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ် မချမှတ်ဘဲ တစ်စိတ်တစ်ပိုင်း ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးတဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အန္တရာယ်ရှိတဲ့ သာဓကတစ်ခု ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ တရားဥပဒေစိုးမိုးမှုကို အားလျော့စေပြီး အမေရိကန် ပြည်သူတွေအတွက် ဆိုးဆိုးရွားရွား အကျိုးမဲ့စေတဲ့လုပ်ရပ် ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ဆိုပါတယ်။

စောစောပိုင်းမှာ သမ္မတဟောင်း ထရန့်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ဒီမိုကရေစီအတွက် ကြီးမားတဲ့အောင်ပွဲ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သမ္မတတစ်ယောက်အနေနဲ့ တရားဝင်လုပ်ရပ်တွေအတွက် ဥပဒေ ကင်းလွတ်ခွင့်ရှိကြောင်း တရားရုံးချုပ် တရားသူကြီးတွေက ဇူလိုင် ၁ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့ပြီး တရားဝင်မဟုတ်တဲ့ လုပ်ရပ်တွေအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့်မရှိဘူးဆိုပြီး အဲဒီအမှုကို အမှုစစ် တရားသူကြီးဆီ ပြန်လွှဲပေးခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲ စေဖို့ ကြိုးပမ်းမှုကြောင့် ထရန့်အပေါ် စွဲချက် တင်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တရားရုံးက ဆုံးဖြတ်ဖို့ နောက်ထပ် ကြန့်ကြာနေဦးမှာ ဖြစ်ပါတယ်။

သမ္မတအဖြစ် ထရန့်ရဲ့ လုပ်ပိုင်ခွင့်ရရှိချိန်အတွင်း ဘာတွေ လုပ်ဆောင်ခဲ့သလဲဆိုတာကို အမှုလက်ခံထားတဲ့ တရားသူကြီးက လေ့လာရဦးမှာ ဖြစ်တာကြောင့် နောက်ထပ် လနဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။

လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ဘာအမှုကိုမှ ကြာနာ စစ်ဆေးဦးမှာ မဟုတ်တာကြောင့် ထရန့်အနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်မှာဖြစ်ပါတယ်။

အမေရိကန်မှာ ဘုရင်တွေ မရှိဘူးဆိုတဲ့ မူအပေါ် အခြေခံပြီး တည်ထောင်ထားတာ ဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ရုပ်သံကနေ ထုတ်လွှင့်တဲ့ ကြေညာချက် တစ်ရပ်မှာ ပြောဆိုထားပါတယ်။

မိမိတို့ အယောက်စီတိုင်းဟာ တရားဥပဒေရှေ့မှောက်မှာ အတူတူပဲ ဖြစ်ကြောင်းနဲ့ ဘယ်သူတစ်ဦး တစ်ယောက်မှ ဥပဒေရဲ့ အထက်မှာ ရှိမနေဘူးလို့လည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတောင်မှ ဥပဒေရဲ့ အထက်မှာ မရှိပါဘူးလို့ ဘိုင်ဒန်က ပြောကြားထားပါတယ်။

အခု တရားရုံးရဲ့ ဆုံးဖြတ်ချက်က သမ္မတတစ်ယောက်ဟာ သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ကန့်သတ်ချက်မရှိဘူးလို့ ဆိုလိုလိုက်တဲ့ သဘော ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.