“လက်ရှိအနေအထားမှာ နေရာပေါင်းစုံက တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အဲဒီလိုမျိုး အားလုံးလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်ဖို့အတွက်တော့ အင်မတန်ခက်တယ်”

ဒေါက်တာ စိုင်းကြည်ဇင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

တိုင်းရင်းသားဒေသတွေမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ပြောလာပါတယ်။ သူပြောတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေကြားထဲမှာတော့ အမျိုးမျိုး ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။

စစ်ခေါင်းဆောင်ပြောတဲ့ ရွေးကောက်ပွဲက တကယ်ပဲဖြစ်လာနိုင်ပါ့မလား။ တကယ်ဖြစ်လာမယ်ဆိုရင်ရော ဒီလိုမျိုး ကာလကြာရှည်အချိန်ရွှေ့နေခဲ့တဲ့ ရွေးကောက်ပွဲကျင်းပရတဲ့ တကယ့်အကြောင်းအရင်းက ဘာများဖြစ်မလဲ။ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ အသုံးချလာနိုင်တယ်လို့ ယုံကြည်ရတဲ့ ဒီရွေးကောက်ပွဲကို ပြည်သူတွေနဲ့ နိုင်ငံတကာက ဘယ်လိုတုံ့ပြန်နိုင်လဲဆိုတာကို မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – ၂၀၂၅ ခုနှစ်မှာရွေးကောက်ပွဲ ကျင်းပမယ့် စစ်ခေါင်းဆောင်က ထုတ်ပြောလာတာရှိပါတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့အမြင်လေး သုံးသပ်ပေးပါဦး။

ဖြေ – အဲဒါကတော့ မဆန်းတော့ပါဘူး။ အာဏာသိမ်းပြီးကတည်းက ခြောက်လအကြာမှာ ရွေးကောက်ပွဲလုပ်မယ် ဆိုပြီးတော့ပဲ သူကသက်တမ်းတောက်လျှောက် တိုးလာတာဆိုတော့ အခုဇူလိုင်လကုန်ရင် သူသက်တမ်းကုန်မှာဆိုတော့ အဲဒါကိုပဲ အကြောင်းပြတယ် ထင်ပါတယ်။

မေး – လက်ရှိနိုင်ငံအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဒီလိုမျိုး ရွေးကောက်ပွဲလုပ်မယ်လို့ ပြောတာက ဖြစ်နိုင်လား။ အဲဒီအခြေအနေလေးကို သုံးသပ်ပေးပါဦး။

ဖြေ – ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ ဖြစ်တယ်ပေါ့နော်။ နာဂစ်အတွေ့အကြုံ ရှိတာပေါ့။ နာဂစ်ဖြစ်ပြီး လူတွေ သေနေတဲ့အချိန်မှာပဲ ဆန္ဒခံယူပွဲလုပ်ပြီးတော့ ၂၀၀၈ ဥပဒေကို လုပ်တာ ဖြစ်ဖူးတယ်။ အခုလည်းပဲ အဲဒီလို ရွေးကောက်ပွဲဖြစ်တယ်။ သူတို့နိုင်ပါတယ် ဆိုပြီး ရလဒ်ထွက်ဖို့အတွက် သူတို့ဘာသာ စီစဉ်နေပြီး ကြံဖန်လုပ်ရင်တော့ ဖြစ်သွားမှာပေါ့။

ဒါပေမဲ့ တစ်ခုပဲ ဒီရွေးကောက်ပွဲက ပြည်သူလူထု ပါဝင်မှု အားကောင်းတဲ့၊ တရားမျှတတဲ့၊ ပွင့်လင်းမြင်သာ ပြီး နိုင်ငံတကာ ကလည်း အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့တော့ အာမမခံဘူးပေါ့။

မေး – နယ်မြေသတ်မှတ်မှုအရဆိုရင် နိုင်ငံရဲ့ နယ်မြေဘယ်လောက်ရာခိုင်နှုန်းပါဝင်မှ ရွေးကောက်ပွဲက ဖြစ်လာနိုင်မှာဆိုတော့ အဲဒီအခြေအနေနဲ့ပတ်သက်လို့ရော ဆရာ့အမြင်က ဘယ်လိုရှိလဲ။

ဖြေ – ဖြစ်လာနိုင်လားဆိုတော့ အခုလောလောဆယ် ကတော့ ရွေးကောက်ပွဲဆိုတဲ့ဟာက ခုနကပြောသလို သူတို့ရဲ့ သက်တမ်းတောက်လျှောက် တိုးလာတယ်။ တကယ် ရွေးကောက်ပွဲ လုပ်ရင်တော့ ခုနက ပြောသလို သူတို့ smart card တွေ၊ သန်းခေါင်စာရင်း ကောက်ဖြစ်တဲ့ဟာတွေ လုပ်တယ်။ ပြီးသွားရင် မဲဆန္ဒနယ်တွေ ခွဲတယ်။

မဲဆန္ဒရှင် အရေအတွက် သတ်မှတ်ပြီးတော့ ဘယ်လောက်ပါဝင်မှု ရှိသလဲ။ ပြည်တွင်း၊ ပြည်ပ ထောက်ခံမှု ဘယ်လောက်ပါမလဲ။ နိုင်ငံတကာရဲ့ အသိအမှတ်ပြု ဘယ်လောက်ရမလဲဆိုတဲ့ဟာက မေးခွန်းအကြီးကြီး ဖြစ်နေတယ်။ လက်ရှိအနေအထားမှာ နေရာပေါင်းစုံက တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အဲဒီလိုမျိုး အားလုံးလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်ဖို့အတွက်တော့ အင်မတန်ခက်တယ်။

မေး – စစ်ခေါင်းဆောင်ပြောတဲ့ ရွေးကောက်ပွဲဆိုတာ ဆင်ခြေတစ်ခုပဲလား။ အာဏာဆက်လက်သက်တမ်းတိုးဖို့ လေသံပစ်တဲ့ ပုံစံပဲလား။ ဆရာ့ရဲ့ သုံးသပ်ချက်ကရော ဘယ်လိုရှိမလဲ။

ဖြေ – ဒီခေါင်းစဉ်အောက်မှာ ဖြစ်နိုင်ခြေ သုံးခုရှိတယ်။ ခုနကပြောသလို အာဏာသိမ်းလိုက်ပြီး အာဏာထိန်းဖို့အတွက် သူတို့ရဲ့ အကြောင်းပြချက်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် သူရွေးကောက်ပွဲ ထပ်ပြုလုပ်ဖို့အတွက် လိုအပ်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းလိုက်တယ်။ သိမ်းသွားတဲ့အချိန်မှာ ခြောက်လအတွင်းကနေ အခု သုံးနှစ်ကျော်လာပြီ။ အဲဒီလို အနေအထားမျိုး ရှိနေတော့ လုပ်မယ်လို့ ပြောတဲ့အတိုင်း လုပ်ဖို့ လိုအပ်တယ်။

အာဏာသိမ်းမယ်ဆိုတဲ့ အကြောင်းပြချက်က ၂၀၀၈ ဥပဒေအပါအဝင် ဒီဟာလုပ်လို့ ရမယ်လို့ သူတို့ဘာသာယူဆပြီးတော့ လုပ်နေကြတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်တယ်။ ဒီဟာက သူတို့ခေါင်းစဉ်အောက်ကသူတို့သုံးတဲ့ဟာ ဖြစ်တယ်။

နောက်တစ်ခုက ဒီလိုမျိုးလုပ်ခြင်းအားဖြင့် သူတို့ရွေးကောက်ပွဲ ခေါင်းစဉ်အောက်က ၂၀၁၀ ရွေးကောက်ပွဲဖြစ်ခဲ့တဲ့အချိန်မှာ သူပါမယ် မပါဘူးဆိုတဲ့ စဉ်းစားကြတဲ့အခါမှာ လမ်းကြောင်းတွေ ကွဲသွားပြီး အရင်တုန်းက တစ်စုတစ်ဖွဲ့ တည်းရှိတဲ့သူတွေ အုပ်စု အစုစု ကွဲသွားတာမျိုးလည်း ဖြစ်ဖူးတယ်။

အခုလည်း ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်အောက်က ဒီမိုကရေစီ လမ်းကြောင်းပြောင်းလဲမှုကို ဖော်ဆောင်လိုတယ် ဆိုပြီး အပျော့သမား အုပ်စုတွေ ပေါ်လာပြီးတော့ ဒီဘက်က Hard Liner နဲ့ Soft Liner တွေကြားထဲမှာ ပဋိပက္ခဖြစ်ပွားအောင် စုပေါင်းအားတွေ ဖရိုဖရဲဖြစ်အောင် ဒီခေါင်းစဉ်ကိုသုံးတယ်ဆိုတဲ့ ယူဆချက်လည်း ရှိပါတယ်။ ၂၀၁၀ ကလည်း ဖြစ်ခဲ့ဖူးတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံးလူထုထောက်ခံမှု အများဆုံးတဲ့ဟာကလည်း အစုအဖွဲ့ တွေနဲ့ မဟာမိတ် စုဖွဲ့မှုမှာ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး သဘောထား ရပ်တည်ချက်တွေကြောင့် သဘောကွဲလွဲတာမျိုး နာကျင်စရာမျိုး ဖြစ်ခဲ့တယ်။

အဲဒီလို သာဓကတွေ ရှိခဲ့တော့ ဒီရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်ကို သုံးပြီးတော့ အခုလက်ရှိ သူ့ကို ဝိုင်းတော်လှန်နေတဲ့ အုပ်စုကြားထဲမှာ Soft Liner Hard Liner ကွဲသွားအောင် လုပ်လိုတဲ့ ဆန္ဒလည်းရှိတယ်လို့ ယူဆရတယ်။

တတိယတစ်ခုကတော့ ၂၀၁၀ ၊၂၀၁၂ အထူးသဖြင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီးတဲ့အချိန်မှာ တကမ္ဘာလုံးက ဒီမိုကရေစီ ကူးပြောင်းပြီလို့ ယုံသွားတဲ့အထိ ပြောင်းလဲမှုဖြစ်ခဲ့တယ်။

နောက်တစ်ခုက လက်ရှိအခြေအနေမှာ ဖိအားတွေ များတဲ့ အတွက် ဒါမှမဟုတ် ပြည်တွင်းပဋိပက္ခတွေမှာ အထိနာနေကြပြီး ပင်ပန်းနေကြပြီဖြစ်တဲ့ ပြည်သူလူထုအနေနဲ့ ဒီလိုမျိုး ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တကယ်ပြောင်းလဲမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်နိုင်စရာ ရှိတယ်လို့ သူတို့ ယူဆထားတာလည်း ပါမယ်။

၂၀၁၀ ရွေးကောက်ပွဲ၊၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ၊ ၂၀၁၅ ရွေးကောက်ပွဲ။ အဲဒီဟာတွေမှာ နိုင်ငံတကာရဲ့ ဆက်ဆံမှုပုံစံ ပြောင်းသွားပြီး Engagement (ချိတ်ဆက်ဆက်ဆံရေး)တွေ Development (တိုးတက်မှု)တွေ ပိုပြီးတိုးတက်ခဲ့တယ် ဆိုတဲ့ သာဓကတွေ ရှိထားခဲ့ဖူးတယ်။ ဘာကိုရည်ရွယ်ပြီး သူတို့ လုပ်နေကြသလဲဆိုတာတော့ အတိအကျ ပြောလို့မရဘူး။ သူတို့ပဲ သိမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ခြေ အဲဒီသုံးခုရှိပါတယ်။

မေး – ရွေးကောက်ပွဲလုပ်ဖြစ်ရင်ရော တကယ်ပဲ စစ်ကောင်စီရဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်လား။

ဖြေ – အခုလက်ရှိမြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားပေးပြီးတော့ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့အတွက် စဉ်းစားမှုမှာ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေပါဝင်တဲ့ ညှိနိူင်းဆွေးနွေးကြဖို့ ဒီမိုကရေစီနည်းလမ်းအရ အဖြေရှာဖို့ ဆိုတဲ့ဟာက အမေရိက အပါအဝင် မြန်မာ့အရေးကို ထဲထဲဝင်ဝင် ပါဝင်ဖို့ ကြိုးစား‌နေတဲ့ နိုင်ငံကြီးတွေ တော်တော်များများက ပြောကြတယ်။

သူတို့က တိုက်ခိုက်ကြပါ၊ လက်နက်တွေထောက်ပံ့ပါမယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံမှ မရှိသေးဘူး။ ပြီးရင် ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးအစုအဖွဲ့ တွေ ကြားထဲမှာ NUG အပါအ၀င် စစ်အစိုးရရဲ့ အစားထိုးနိုင်မှု၊ အစိုးရအဖြစ် အသိအမှတ်ပြုမှုမျိုး ရှိမနေသေးဘူး။ နိုင်ငံရေးအရ စုရုံးပြီး ဆန့်ကျင်နေတဲ့ ဒီမိုကရေစီ အင်အားစုအဖြစ်တော့ အသိအမှတ်ပြုထားတယ်။ NUG တစ်ခုတည်း မဟုတ်ဘူးဆိုတာလည်း သူတို့နားလည်နေကြတယ်။

အဲဒီလိုလမ်းကြောင်းမှာ ရှိနေတဲ့ တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီရေးအရ ဒါမှမဟုတ် မြန်မာနိုင်ငံရေးအရ ဆွေးနွေးကြတယ်။ တိုင်ပင်ကြတယ်။ နိုင်ငံတကာ စုဖွဲ့မှုပုံစံနဲ့ အာဆီယံပဲ ဖြစ်ဖြစ် UN မှာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ဆွေးနွေးတာတွေကို အခုလက်ရှိ စစ်တပ်ဘက်မှာ ရပ်တည်နေတဲ့ ရုရှား၊ တရုတ် ရှိမယ်။ အခြားနိုင်ငံတွေလည်း ရှိသေးတယ်။

အဲဒီလိုမျိုးနိုင်ငံတွေ အနေနဲ့လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမျိုး လုပ်သင့်တယ်ဆိုတဲ့ အချိန်မှာ ဒီစစ်တပ်အပေါ် ဖိအားပေးမှု လျော့ကျလာအောင် ဘယ်လိုလုပ်သင့်တယ် ဆိုပြီး စည်းရုံးပြောဆိုတာလည်း လုပ်လာနိုင်တယ်။ အရင်ကလည်း လုပ်ခဲ့ဖူးတယ်။

အဲဒီလိုမျိုး ပုံစံမျိုးတွေ ဖြစ်လာပြီဆိုရင် ဒီဟာက အခုလက်ရှိ ဖြစ်နေတဲ့ သေကျေပျက်စီးမှု၊ ထိခိုက်နေရတဲ့ လမ်းကြောင်းကို ဆက်သွားနေတာထက် စာရင် ထိခိုက် နစ်နာမှုနည်းတဲ့ ပုံစံနဲ့ မြန်မာနိုင်ငံ အတွင်းမှာ တဖြေးဖြေးချင်း ပြောင်းလဲမှုကို ဖော်ဆောင်လာနိုင်တယ် ဆိုပြီးတော့ ယူဆသွားနိုင်တဲ့ နိုင်ငံတွေလည်း ရှိလာနိုင်တယ်။

ထောက်ခံနိုင်တဲ့ နိုင်ငံတွေလည်း ရှိလာနိုင်တယ်။ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စလို့ တစ်ကမ္ဘာလုံးက မထောက်ခံဘူးလို့ ပြောလို့မရပါဘူး။ ထောက်ခံတဲ့ နိုင်ငံတွေ ရှိနေနိုင်ပါတယ်။

မေး – စစ်ခေါင်းဆောင်ရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ပြောဆိုချက်ကရော တကယ်ပဲ လက်တွေ့ကျရဲ့လား။

ဖြေ – ဘယ်လိုမှ လက်တွေ့မကျပါဘူး ။မကျနိုင်ဘူးဆိုတာက အခုက အာဏာသိမ်းယူပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူလူထုတွေရဲ့ ဆန့်ကျင်မှုပေါ့။ ဒီရွေးကောက်ပွဲကို ၂၀၂၀ ရွေးကောက်ပွဲကို ဖျက်သိမ်းတာကို လက်မခံနိုင်တာ။
နောက်ပြီး ပြည်သူလူထုက မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့ ခံယူထားတဲ့ ခေါင်းဆောင် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတတို့ကို ဖမ်းဆီး အရေးယူတဲ့ ကိစ္စတွေကို မကျေနပ်တာတွေ စုပေါင်းပြီးတော့ ဆန့်ကျင်ခဲ့ကြတယ်။ ဆန့်ကျင်တာကနေ အခုဆိုရင် အဲဒီဆန့်ကျင်မှုကို ဖြိုခွဲတဲ့ အတွက်ကြောင့်မို့ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြန်ပြီးတော့ တုံ့ပြန်မှုဖြစ်လာတယ်။

ဖြစ်လာတဲ့ အချိန်နောက်ဆက်တွဲမှာပဲ စစ်တပ်ကြောင့် နာကျင်မှုတွေ၊ ထိခိုက်မှုတွေက လူတွေတော်တော်များများ ရှိသွားတယ်။ အဲဒီတော့လူတွေဆီမှာ နာကြဉ်းမှုတွေ၊ မုန်းတီးမှုတွေ ရှင်သန်နေတယ်။ ကြီးထွားနေတယ် ဆိုတဲ့ဟာက တစ်ခု။ နောက်တစ်ခုက အစိုးရနဲ့ ပြည်သူဆိုတဲ့ ဥစ္စာက ယုံကြည်မှုကို အခြေခံပြီး လုပ်ရတာဖြစ်တယ်။

အစိုးရဆိုတာကလည်း ပြည်သူကယုံကြည်မှ အစိုးရဆိုတာ ဖြစ်လို့ကောင်းတယ်။ အလုပ်လုပ်လို့ ကောင်းတယ်။ အစိုးရကလည်း သူတို့လုပ်သမျှဟာကို အကောင်းဆုံးလုပ်တယ် ဆိုတဲ့ အနေအထားမျိုးက အပြန်အလှန်နားလည်ပြီး ယုံကြည်ချက် အနေအထား ရှိနေမှ ကျွန်တော်တို့က လက်ခံတဲ့ အနေအထားမျိုး ရှိတယ်။

ဒါပေမဲ့ အခုလက်ရှိက နားလည်မှု၊ ယုံကြည်မှုဆိုတာ ပျက်သွားပြီ။ အစိုးရရဲ့ Public Service ဆိုတဲ့ ယိုယွင်းမှုတွေ တွေ့နေရတယ်။နောက် စီးပွားရေးတွေ ပျက်သွားတာကို တောက်လျှောက် တွေ့နေ မြင်နေရပြီ။ စီးပွားရေးပြန်လည် တည်ငြိမ်မှုကို လုပ်နိုင်စွမ်း မရှိတော့ဘူး။

လုပ်နိုင်စွမ်းဆိုတာ တကယ်ဖြေရှင်းတဲ့ အဖြေကို ဖြေရှင်းနိုင်တာ မဟုတ်ပဲနဲ့ ဆေးမြီးတိုနဲ့ ကုတဲ့ဟာတွေ။ ဥပမာ လခ တိုးမြှင့်ပေးရင်တောင် ဖမ်းတယ် ဆိုတဲ့ အခြေအနေ ဖြစ်နေတယ်ဆိုတဲ့ဟာက အုပ်ချုပ်ရေး၊ စီမံရေးဆိုင်ရာ ယုံကြည်မှုရှိစရာ မရှိတဲ့ အနေအထားမျိုး ဖြစ်နေတော့ ယုံကြည်မှုဆိုတာ ပျက်သွားတဲ့ အခြေအနေမှာ စစ်အစိုးရက တကယ်နိုင်ငံကို ပြောင်းစေချင်တဲ့ ရည်ရွယ်ချက် ရှိနေတယ်ဆိုရင်တောင်မှ ပြည်သူလူထုနဲ့ နာကြဉ်းနေကြတဲ့သူတွေ မုန်းတီးနေကြတဲ့ လူထုတွေက လက်ခံယုံကြည်မယ်ဆိုတာတော့ အခုလက်တလောမှာ ဘယ်လိုတောင်မှမဖြစ်နိုင်သေးပါဘူး။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.