မော်လမြိုင် ၊ ဇွန် ၃၀

မွန်ပြည်နယ်ဒေသထွက် ပဲမျိုးစုံတွေဟာ အခုဇွန်လအတွင်း အိန္ဒိယနိုင်ငံက မှာယူတင်သွင်းမှု နည်း ပါးလာတဲ့အတွက် ပဲဈေးနှုန်းကျဆင်းလာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပဲဈေးနှုန်းဟာ ဇွန်တတိယအပတ်အတွင်းက ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ တစ်တင်းကိုကျပ် ၈၂,၀၀၀ ဝန်းကျင်ရှိရာမှ ဇွန်လနောက်ဆုံးအပတ်မှာတော့ ကျပ် ၇၈,၀၀၀ ထိ ကျဆင်းလာသလို ပဲတီစိမ်းကလည်း ကျပ် ၇၈,၀၀၀ မှ ကျပ် ၇၅,၀၀၀ ဝန်းကျင်ထိ ကျဆင်းလာတာပါ။

ပြည်ပအဝယ်လိုက်တဲ့ မတ်ပဲကလည်း တစ်တင်းကို ကျပ် ၁၂၀,၀၀၀ နီးပါးကနေ ကျပ် ၁၁၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းလာသလို ကျန်တဲ့ပဲမျိုးစုံကလည်း တစ်တင်းလျှင် ကျပ် ၃၀၀၀ ကနေ ကျပ် ၁၀၀၀၀ နီးပါးအထိ ဈေးနှုန်းကျဆင်းလာပါတယ်။

ပဲကုန်သည်တစ်ဦးကတော့ ပဲဈေးနှုန်းတွေ ကျဆင်းလာတာဟာ အိန္ဒိယနိုင်ငံမှာ အစိုးရသစ်က ပဲဈေးနှုန်းကျဆင်းအောင် ရက် ၁၀၀ စီမံကိန်းတွေ လုပ်လာတာကြောင့် ဝယ်လိုအားနည်းပြီး ဈေးနှုန်းကျဆင်းလာတာဖြစ်တယ်လို့ ပြောပါတယ်။

“ဈေးနည်းနည်း ပြန်ကျနေတယ်။ မတ်ပဲပေါ့။ တခြားပဲစင်းငုံတို့ ဘာတို့လည်း ပြန်ကျတယ်လေ။ အဓိက အိန္ဒိယက အခုတက်တဲ့ အစိုးရပေါ့နော်။ အစိုးရသစ်လို့ ခေါ်မှာပေါ့။ သူကတော့ ပဲဈေးကျရအောင် ရက် ၁၀၀ စီမံကိန်း ဆိုပြီးတော့ လုပ်နေတာပေါ့။ ပြည်တွင်းဈေးကို မကျ ကျအောင်လုပ်တော့ ကျွန်တော်တို့ ပြည်တွင်းဈေးပါ လိုက်ကျတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ပွဲတော်ကာလ ပြီးဆုံးပြီး ဖြစ်တာကြောင့် ပဲဝယ်လိုအားနည်းလာတာ ဖြစ်သလို ပဲဈေးနှုန်းတွေဟာ လာမယ့်သြဂုတ်လအထိ ဈေးနှုန်းကျဆင်းမှုနဲ့ ကြုံရနိုင်တယ်လို့ သူကသုံး သပ်တာပါ။

တဖက်မှာတော့ ပဲတင်ပို့ရာမှာ တိုက်ပွဲတွေကြောင့် နယ်စပ်ဂိတ်တွေကတဆင့် တင်ပို့လို့မရဘဲ ရေ လမ်းကြောင်းတွေကို အဓိကထားပြီး အသုံးပြုနေရတဲ့အတွက် ကုန်ကျစရိတ်ကြီးမြင့်မှုဒဏ်နဲ့ ရင် ဆိုင်နေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ထွက် ပဲမျိုးစုံကိုတော့ အိန္ဒိယနိုင်ငံကိုသာ အဓိကတင်ပို့နေရတာဖြစ်ပြီး ကျန်တဲ့ တ ရုတ်၊ ထိုင်း၊ စင်ကာပူ၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတွေကိုလည်း မှာယူတင်သွင်းတဲ့ ပဲအမျိုးအစားအလိုက် ပို့ဆောင်ပေးရတာရှိတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်နဲ့ ပဲတီစိမ်း ရွှေဝါတွေကို အဓိကစိုက်ပျိုးကြတာ ဖြစ်ပြီး စိုက်ပျိုးဧကအနေနဲ့ ဧကပေါင်း ၁၇၀,၀၀၀ ကျော်ရှိကာ နှစ်စဉ်ပဲမျိုးစုံ တန်ချိန် ၂၀,၀၀၀ ဝန်းကျင် ထွက်ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.