ရွှေကျင်၊ ဇွန် ၃၀

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ကောက်မဲ့သူကျေးရွာထဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် အရပ်သားခုနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇွန် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ကနေ ကောက်မဲ့သူကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် အသက် ၁၇ နှစ်အရွယ် စောကော်မူးသ၊ ကိုအောင်နိုင်ဌေး၊ ကိုထွန်းလင်းအောင်၊ စောသတော၊ ကိုဇော်လင်းကိုကို၊ ကိုထွန်းသက်လွင်အောင်နဲ့ ကိုကောင်းထက်ကျော်တို့ ထိမှန်သေဆုံးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ သုံးရက်အတွင်း ပဲခူးတိုင်းကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူဦးရေ ပိုတိုးလာတယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောကြားထားပါတယ်။

လက်ရှိမှာ KNU နယ်မြေအတွင်း စစ်ရှောင်ပြည်သူ ၁ သန်းကျော်ရှိလာပြီဖြစ်သလို ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ရှောင်ပြည်သူ ၅ သိန်းနီးပါအထိ ရှိလာပြီလို့ KNU ဗဟိုက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.