ဂျေရုဆလင်၊ ဇွန် ၂၉

အိမ်နီးချင်း လက်ဘနွန်နဲ့ စစ်မဖြစ်လိုပေမယ့် အဲဒီနိုင်ငံကိုကျောက်ခေတ်ပြန်ရောက်သွားအောင် လုပ်ပစ်နိုင်တယ်လို့ အစ္စရေးက ခြိမ်းခြောက်လိုက်ပါတယ်။

အဲဒီလို ပဋိပက္ခတစ်ခု ဖြစ်ပွားရင် ကမ္ဘာပျက်သလို ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အကြီးအကဲက သတိပေးထားချိန်မှာ အခုလိုမျိုး ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အီရန် ထောက်ပံ့ထားတဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အဖွဲ့ရဲ့ မဟာမိတ် ဟားမာ့စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်ပြီးနောက်ပိုင်း လက်ဘနွန်-အစ္စရေး နယ်စပ်မှာ နှစ်ဖက် နေ့တိုင်း အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

ဒီလို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲကြီး တစ်ပွဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပြီး ဟစ်ဇဘိုလာအဖွဲ့ ခေါင်းဆောင် ဟာဆန် နာဆရယ်လာကလည်း အစ္စရေးကို ခြိမ်းခြောက်ထားပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ဂေါလန့်က အမေရိကန် ခရီးစဉ်အတွင်း မိမိတို့အနေနဲ့ လက်ဘနွန်ကို ကျောက်ခေတ် ပြန်ရောက်သွားအောင် လုပ်ပစ်နိုင်ပေမယ့် အဲဒီလိုလုပ်လိုတဲ့ ဆန္ဒမရှိဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ စစ်ပွဲကို မလိုလားပါဘူး ဒါပေမယ့် အနာဂတ် ဖြစ်လာနိုင်ခြေ အားလုံးအတွက် ကြိုတင် ပြင်ဆင်ထားပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဂါဇာစစ်ပွဲ ဖြစ်ပွားနေချိန်မှာ လက်ဘနွန်နဲ့စစ်ပွဲ ထပ်ဖြစ်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်း အခြေအနေဟာ အများကြီး ဆိုးရွားသွားမှာ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က ဝန်ကြီး ဂေါလန့်ကို သတိပေးခဲ့ပါတယ်။

ဒီအတောအတွင်း ဂျာမနီနဲ့ ကနေဒါတို့က လက်ဘနွန်ရှိ သူတို့ရဲ့ နိုင်ငံသားတွေ အမြန်ဆုံးနိုင်ငံတွင်းက ထွက်ခွာကြဖို့ သတိပေးထားပါတယ်။

လက်ရှိ တင်းမာမှု မြင့်မားနေတဲ့ အခြေအနေမှာ အစ္စရေးက လက်ဘနွန်ကို အချိန်မရွေး တိုက်ခိုက်လာနိုင်တယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ဘာလင်မြို့မှာ သတိပေးထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကြီးအကဲ မာတင် ဂျရီဖစ်က လက်ဘနွန်ဟာ စစ်ပွဲဖြစ်နိုင်တဲ့ နေရာတွေ အားလုံးမှာ ထိပ်ဆုံးက ပါဝင်နေတယ်လို့ ဂျနီဗာမြို့မှာ ပြောကြားထားပါတယ်။

လက်ဘနွန်နဲ့ စစ်ပွဲဖြစ်လာရင် ဆီးရီးယားနဲ့ အခြားနိုင်ငံတွေလည်း ပါဝင် တိုက်ခိုက်လာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.