ရေး၊ ဇွန် ၂၉

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်အခြေစိုက် အမှတ် ၃၁၇ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် နှစ်ကရင်ကျေးရွာရှိ ဘူတာပိုင်းနေအိမ်တွေအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတို့ဟာ ကျောနဲ့လက်တွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံး ပျက်စီးခဲ့ပါတယ်။

လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံနှစ်ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ လမိုင်းဆေးရုံထံ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ကလည်း အမှတ် ၃၁၇ အမြောက်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မော့ကနင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မိသားစုဝင်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

မွန်ပြည်နယ်မှာ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ ကျူးလွန်နေတာပါ။

လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မေလအတွင်း မွန်ပြည် နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.