မော်လမြိုင် ၊ ဇွန် ၂၉

မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ရွေး‌ကောက်ပွဲကျင်း ပနိုင်ရေးအတွက် သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ လှုံ့ဆော်တာနဲ့ ကြိုတင်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။

သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် အခုလအတွင်း မြို့နယ်တချို့မှာ ဆိုင်းဘုတ်နဲ့ ပိုစတာတွေ စိုက်ထူခဲ့သလို ဇွန် ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ အဖွဲ့ကလည်း မော်လမြိုင်မြို့မှာ ဆိုင်းဘုတ်စိုက်ထူခဲ့တာပါ။

လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုတော့ လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာ ဖြစ်ပြီး အဲဒီအတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ကောင်စီဘက်က တိုက်တွန်းနေပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုဟာ ရွေးကောက်ပွဲလုပ်ပြီး အာဏာဆက်ထိန်းဖို့ ပြင်ဆင်တာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ မပါဝင်ကြဖို့ တိုက်တွန်းတာပါ။

“ကျွန်တော် အမြင်တာကတော့ နှစ်ချက်ပေါ့နော်။ ပထမတစ်ချက်ကတော့ ပြည်သူတွေကို နိုင်ငံတ ကာကို မျက်လှည့်ပြဖို့ ဘယ်လိုမှ ရပ်တည်လို့ မရတဲ့အပေါ်မှာ ဆက်လက်ပြီးတော့ အာဏာထိန်းသွားချင်လို့ သေချာပြင်ဆင်ပြီးမှ အခုလို လုပ်တာလို့ မြင်တယ်။ ဒုတိယအချက်ကတော့ အဲဒီလိုလုပ်တဲ့အချိန်မှာလည်း အချင်းချင်း ညီညွှတ်မှုကွဲအောင် နိုင်ငံရေးသမားအချင်းချင်း ရန်တိုက်ပေးတယ်။ ဒီနေရာမှာ ပြည်သူတွေကို ပြောကြားလိုတာကတော့ ဒီရွေးကောက်ပွဲ ပြီးပြီးတော့ အစိုးအသစ်ဖြစ်လာတာနဲ့ တော်လှန်ရေးကြီးက ပြီးဆုံးသွားမှာမဟုတ်ဘူး။ ပြည်သူတွေအနေနဲ့ ဒီစစ်ကောင်စီရဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်း ကောက်ယူပွဲတွေမှာ ပါဝင်ပူးပေါင်းမှုတွေ လုံးဝမလုပ်ကြဖို့ မေတ္တာရပ်ခံလိုတယ်”လို့ ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာတော့ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူတဲ့စနစ်ကိုအသုံးပြုပြီး တစ်အိမ်တက်တစ်အိမ်ဆင်း Mobile Tablet တွေနဲ့ ကောက်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်း စဉ်ပြီးစီးသွားပါက လာမယ့် ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုမင်းလွင်ဦးကတော့ သန်းခေါင်စာရင်း ကောက်ယူမှုဟာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးပမ်းမှုဖြစ်ပြီး ဆုံး ရှုံးထားတဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ အမြင်ကတော့လေ နိုင်ငံရေးအရ ထွက်ပေါက်ရှာတယ်ဆိုတာပဲ မြင်တယ်။ ပြီးတော့ နောက်တစ်ခုက ဘာလဲဆိုတော့ နိုင်ငံတကာကနေပြီးတော့ သူ့ကိုထောက်ခံလာအောင်ပေါ့ဗျာ။ အဲဒီလိုမျိုး ကျွန်တော်တော့မြင်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ၂၀၂၅ မှာ သူ့တို့အနေနဲ့ ရွေး ကောက်ပွဲ လုပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတဲ့ ဟာမျိုးပေါ့ဗျာ။ ဒီအခြေအနေက အဲဒီလိုမျိုး မြင်တယ်ဗျ။ လက်ရှိအခြေအနေထိ သူဆုံးရှုံးသွားတဲ့နယ်မြေအရ နယ်မြေတွေက တဖြည်းဖြည်းနဲ့ များလာတဲ့ အနေအထားပေါ့ဗျာ။ အဲဒီလိုအခြေအနေ မျိုးမှာ ၂၀၂၅ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလို့ပဲ မြင်တယ်ဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူဖို့ လုပ်ဆောင်နေပေမယ့် နယ်မြေအများစု မတည်ငြိမ်တာကြောင့် မှန်ကန်တဲ့ အချက်အလက်တွေ ရရှိမှာမဟုတ်သလို လူဦးရေစာရင်းအတိအကျရဖို့လည်း မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ အာဏာသိမ်းသုံးနှစ်တာကာလအတွင်း နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်မှုတွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လက်ရှိအချိန်အထိ မြို့ပေါင်း ၆၀ ကို အလုံးစုံဆုံးရှုံးထားရတာ ဖြစ်ပါတယ်။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းရှိ လူဦးရေ သုံးသန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီ လက်ထက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ခန့်မှန်းလူဦးရေစာရင်းအရ အမျိုးသားနဲ့ အမျိုးသ မီးပေါင်း ၁ ဒသမ ၉ သန်းကျော် ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.