ပုလော၊ ဇွန် ၂၉

တနင်္သာရီတိုင်း ပုလောမြို့နယ် ဘဲမဒီကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၂၇ ရက်နေ့ နေလည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘဲမဒီကျေးရွာကို ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်နှစ်စီးနဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်သွားတာပါ။

လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဘဲမဒီကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘဲမဒီကျေးရွာဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီနေ့ ဇွန် ၂၈ ရက်နေ့မှာတော့ ဒေသခံတချို့ နေရပ်ပြန်လာကြပြီလို့ သိရပါတယ်။

အလားတူ ဇွန် ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ တနင်္သာရီမြို့နယ် ဘန်လင်ရွာ၊ သမီးလှရွာ၊ ကျွဲထိန်း ကုန်းကျေးရွာတို့ကို လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့အတွက် ကျွဲထိန်းကုန်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါသေးတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုဟာ အဲဒီကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဝင်ရောက်ခိုအောင်းနေတဲ့အတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေ ဖြစ်ပြီး စစ်ကောင်စီဘက်က မြို့ပေါ်လောက်သာ ထိန်း ချုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.