ပလ၊ ဇွန် ၂၈

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ ဈေးထိပ်အနီး စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဇွန် ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ပလမြို့ရဲစခန်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပလမြို့ဈေးထိပ်အနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၅ နှစ်အရွယ် ပလဒေသခံ ဒေါ်စန်းစန်းယုဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“ပစ်တာက ပလရဲစခန်းကပဲ ပစ်တာ။ ပစ်တာနဲ့ ပွဲချင်းပြီးတစ်ယောက်ကတော့ တခါတည်း အသားတွေ မိုးပေါ်ကို လွှင့်ပျံကုန်တယ်လို့ပြောတယ်။ တစ်ခါတည်း ရစရာကို မရှိအောင် တစ်စစီ လိုက်ကောက်ရတယ်”လို့ ပလဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီး ထိမှန်ခဲ့တဲ့ အရပ်သားလေးဦးဟာ ပလဒေသခံ အမျိုးသမီးနှစ်ဦးနဲ့ ရှပ်ပုံကျေးရွာက လင်မယားနှစ်ဦး ဖြစ်ပြီး အဲဒီထဲက ပလဒေသခံ နောက်အမျိုးသမီးတစ်ဦးကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာပါ။

ဒေသခံတွေရဲ့ပြောပြချက်အရ PDF ရဲဘော်တွေက ဆိုင်ကယ် ၆ စီးနဲ့ ရောက်ရှိလာပြီး ပလမြို့က တရားခံတစ်ဦးကို လာဖမ်းဆီးချိန် ပြန်အထွက်မှာ ပလရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း လက်နက်ငယ်တွေနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရပြီး အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီနဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၂၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.