“ပန်းရောင်ကတ်လုပ်ပေးမယ်ဆိုလို့ ဝင်လာတာတွေ လက်ရှိမှာ ထပ်ပြီး တိုးပွားလာနိုင်သလို မူလအစကလည်း ပြည်တွင်းမှာ မငြိမ်သက်မှုတွေ စစ်ဘေးစစ်ဒဏ်တွေ၊ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဝင်လာမစဲ တသဲသဲဆိုသလို ဖြစ်နေတယ်”

ဦးအောင်ကျော် (LRF ပြောခွင့်ရသူ)

မကြာသေးခင်ပဲ ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဒေသအခေါ် ဘတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်ကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့က ရွှေ့ပြောင်းလုပ်သားတွေအတွက် ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။

ဘယ်နေ့ဘယ်ရက်ကစလို့ စာရင်းတင်သွင်း ပြုလုပ်နိုင်ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာတာမျိုးတော့မရှိသေးပေမယ့် ပန်းရောင်ကတ်လုပ်ပေးမယ်ဆိုတဲ့သတင်းက လက်ရှိထိုင်းပြည်တွင်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စစ်မှုထမ်းဥပဒေလို အကြပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံ ပြောင်းရွှေ့နေထိုင်ချင်ကြတဲ့ မြန်မာနိုင်ငံသားတွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံတွင်းမှာ ပန်းရောင်ကတ်ထုတ်ပေးမယ်ဆိုတဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ ထိုင်းရောက် MoU အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ ထိုင်းအလုပ်ရှင်တချို့ရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုအဖွဲ့အစည်းတွေက လိုက်လံ ကူညီပေးနေသလဲ။

အထောက်အထားမပြည့်စုံတဲ့ မြန်မာလုပ်သားတွေအနေနဲ့ လက်ရှိ ထိုင်းနိုင်ငံအတွင်းမှာ ဘယ်လို လုံခြုံရေး အသိ၊ သတိနဲ့နေထိုင်သင့်လဲဆိုတာတွေကို အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း ပြောခွင့်ရသူ ဦးအောင်ကျော်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။

မေး – ထိုင်းအစိုးရက ပန်းရောင်ကတ် ပြုလုပ်ပေးမယ်လို့ ကြေညာထားတာရှိတယ်။ အရင်ဦးဆုံးအနေနဲ့ အဲဒီအခြေအနေလေး ရှင်းပြပေးပါဦး။

ပြီးခဲ့တဲ့ ခြောက်ရက်နေ့ကပေါ့။ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနကို ကျွန်တော်တို့လည်း ဝန်ကြီးဌာနကို တိုက်ရိုက် သွားတွေ့ပြီးတော့ ထပ်မံတောင်းဆိုခဲ့တယ်။ လက်ရှိအခြေအနေက ထိုင်းနိုင်ငံထဲမှာ စာရွက်စာတမ်း ပြတ်တောက်တဲ့ ပုဂ္ဂိုလ်တွေရယ်။ နောက် ပထမအကြိမ် သက်တမ်းတိုးတုန်းက မမီလိုက်တဲ့သူတွေရယ်။ မြန်မာပြည်က စစ်ဘေးစစ်ဒဏ်ကြောင့် ရောက်ရှိနေတဲ့ အုပ်စုတွေလည်း ရှိနေတာဖြစ်တဲ့အတွက် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် နောက်တစ်ကြိမ် ထိုင်းအစိုးရက နေထိုင်ခွင့်အလုပ်လုပ်ခွင့် လက်မှတ်တွေ ပြုလုပ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတာကို Update အနေနဲ့ ထပ်တောင်းဆို လိုက်တဲ့အခါ သူတို့က အဲဒီနေ့မှာပဲ ပြုလုပ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ကို ကြေညာလိုက်ပါတယ်။

သို့သော် လုပ်ငန်းစဉ် လုပ်နိုင်ဖို့အတွက် အသေးစိတ် အချက်အလက်တွေကို နောက်တစ်ကြိမ် ကြေညာပြီးမှ ထပ်မံထုတ်ပြန်မယ်လို့ ပြောတာကြောင့် အားလုံးက စောင့်မျှော်နေကြတဲ့ အနေအထားပါ။

မေး – အခုလို ပန်းရောင်ကတ်ပြုလုပ်မယ့် လုပ်ငန်းစဉ်က ပြီးခဲ့တဲ့နှစ်ကလိုပဲ ၁၅ ရက်အတွင်းမှာလား။ ဘယ်လိုမျိုးဖြစ်နိုင်မလဲ။ လက်ရှိမှာရော မြန်မာရွှေ့ပြောင်းလုပ်သားတွေ လျှောက်ထားတာမျိုး ရှိနေပြီလား။ မနှစ်က ပန်းရောင်ကတ်ပြုလုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားစာရင်း ဘယ်လောက်ထိရှိလဲ။

ဖြေ – အရင်ကလို ဘယ်နှစ်ရက်ဆိုတာကို အခုအချိန်အထိ ကျွန်တော်တို့ မသိရှိသေးဘူး။ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်မှာတော့ ဒီအလုပ်သမားတွေ ထိုင်းနိုင်ငံထဲမှာ အမှန်တကယ် အလုပ်သမား လိုအပ်ချက်က ဘယ်လောက်လဲ။ ပြုလုပ်ပေးမယ်ဆိုတဲ့ လူအရေအတွက်က ဘယ်လောက်လဲ။

အဲဒီ ဝန်ထမ်းဦးရေနဲ့ ညီမျှကိုက်ညီပြီးတော့ ရက်ပမာဏကို တောင်းဆိုချက်ထဲမှာ ပါတယ်။ ဒါတွေကတော့ ကျွန်တော် အခုအချိန်အထိ မသိရှိနိုင်သေးပါဘူး။ ဘာလို့ဆို သူတို့ဝန်ကြီးဌာနတွေ အားလုံးက စနစ်တကျတိုင်ပင်ပြီး နေ့၊ ရက်ချိန်း၊ ပြုလုပ်ပုံနဲ့ ကုန်ကျစရိတ်တွေရယ်။ နောက်ဘယ်ရက်မှာ ထပ်မံပြုလုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်။

ပြီးခဲ့တဲ့ အသုတ်မှာ လုပ်သွားတာကတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ငါးရက်နေ့မှာ ခွင့်ပြုမိန့် လုပ်တာကတော့ လူဦးရေ ခြောက်သိန်း ရှစ်သောင်းလောက် ရှိပါတယ်။

မေး – ဒီလိုမျိုး ပန်းရောင်ကတ်ပြုလုပ်ပေးမယ်ဆိုတဲ့အတွက် အထူးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလာနိုင်မလဲ။ ဘယ်လိုမြင်ပါလဲ။ ပန်းရောင်ကတ်ပြုလုပ်ပေးမယ့်အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုတွေ ပိုမိုတိုးများလာနိုင်သလား။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ – ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတော့ အထောက်အထား မရှိဘဲ ကျီးလန့်စာစား နေရတဲ့ ဘဝကနေ သူ့နိုင်ငံမှာတရားဝင် နေထိုင်ခွင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးမယ်ဆိုတော့ လုပ်သားတွေအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ်လို့ ပြောလို့ရပါတယ်။

သို့သော် ဒီလုပ်ဆောင်မှုတွေ လုပ်တိုင်းမှာ မြန်မာပွဲစားတွေရဲ့ ပါဝင်ပတ်သက်မှုကြောင့် ကုန်ကျစရိတ် မြင့်တက်တာကတော့ စိန်ခေါ်မှု တစ်ရပ်အနေနဲ့ ဆက်လက်ရှိနေမှာပါ။ ဒါကတော့ ပြောရခက်တယ်ဗျ။ပန်းရောင်ကတ်လုပ်ပေးမယ်ဆိုလို့ ဝင်လာတာတွေ လက်ရှိမှာ ထပ်ပြီး တိုးပွားလာနိုင်သလို မူလအစကလည်း ပြည်တွင်းမှာ မငြိမ်သက်မှုတွေ စစ်ဘေးစစ်ဒဏ်တွေ၊ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဝင်လာမစဲ တသဲသဲဆိုသလို ဖြစ်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ချက်ချင်းဖမ်းဆီးမှုနဲ့ ပြစ်မှုပြစ်ဒဏ်တွေကြောင့် ပြန်လည်ပို့ဆောင်မှုကတော့ ရှိနေတာပဲ။

ဒါတွေကြောင့် ကျွန်တော်တို့ တန်းစီပြီးမှ မအေးချမ်းမှု၊ စစ်မက်စစ်ဒဏ်ကြောင့် အိမ်နီးချင်းနိုင်ငံဆီ ဝင်ရောက်မှုကတော့ ဆက်လက်ကြီးထွား နေမှာပါ။

မေး – MoU မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်သမားအခွင့်အရေးပေါ့နော်။ လစာမရတာတွေ အလုပ်မရတာတွေ အခွင့်အရေးချိုးဖောက်ခံရတဲ့အခြေအနေတွေ ဆက်တိုက်တွေ့နေရတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါလဲ။ ဒီလိုချိုးဖောက်ခံရမှုအခြေအနေက အလုပ်သမားကူညီပေးရေးအဖွဲ့တွေ လိုက်ကူညီပေးတာပဲ တွေ့ရပါတယ်။ သက်ဆိုင်ရာ မြန်မာသံရုံးဘက်က ကူညီလုပ်ဆောင်မှုတွေ ဘယ်လိုမျိုးတွေ့နေရလဲ။ ဘယ်လိုအကြံပြုချင်ပါလဲ။

ဖြေ – ဒါကတော့ အင်မတန် စိတ်မကောင်းစရာ အခြေအနေပါ။ MoU ဆိုတဲ့ သဘောတူညီချက် သဘာဝကိုက နှစ်နိုင်ငံအကြား တရား၀င် စာချုပ်တွေ ချုပ်ပြီးမှ အလုပ်သမားတွေ စေလွှတ်တာပါ။ အစောပိုင်း ကာလမှာ တော်တော်လေး ထိုင်းနဲ့ မြန်မာ အလုပ်သမား ယှဉ်ထိုးမှုတွေ နောက် အလုပ်နေရာချမှုတွေက သင့်တင့်လျှောက်ပတ် ကောင်းမွန်တဲ့ အနေအထား ရောက်ပြီးမှ မြန်မာနိုင်ငံက စစ်အာဏာသိမ်းပြီးကာစ သုံးနှစ် နောက်ပိုင်းမှာဆိုရင်တော့ ဆိုးဝါးတဲ့ အနေထားတစ်ရပ် ဖြစ်သွားတယ်။

ပြည်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်အောင် သက်ဆိုင်ရာ စေလွှတ်တဲ့ နိုင်ငံဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနက မကြပ်မတ်နိုင်တာ၊ အဖိုးအခတွေလည်း သူတို့သတ်မှတ်ထားတာထက် မြောက်မြားစွာ ပေးရပြီးရင် ဒီကိုရောက်ရှိလာတဲ့သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိပဲ စာချုပ်အတိုင်း မလုပ်ဘဲ ထိုင်းနိုင်ငံကို ရောက်ရင် ပြီးရောဆိုပြီး လွှတ်လိုက်တယ်။ ဒီရောက်ရင် အလုပ်ထွက်စာတောင်းတယ်။ အလုပ်ထွက်စာ တောင်းပြီး ကိုယ့်ဘာသာကိုယ် အလုပ်ရှာတယ်ဆိုတဲ့ ပြဿနာတွေ ဒီသုံးနှစ်မှာ အများကြီးကြုံရတယ်။

တရားဝင် အေဂျင်စီတွေ၊ ပွဲစားတွေ ထိန်းချုပ်ကွပ်ကဲတာတွေ သေချာမလုပ်တာကြောင့် အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းတဲ့ နည်းစနစ်က ဟိုးအရင်ကဆိုရင် ကျွန်တော်တို့ အလုပ်သမား အခွင့်အရေး ဖောင်ဒေးရှင်းရယ်။ သက်ဆိုင်ရာ မြန်မာသံရုံးကို တိုက်ရိုက် ဆက်သွယ်တာလည်း ရှိတယ်။

ဒါမှမဟုတ်ရင်လည်း MoU ရဲ့ ရုံးကို တိုက်ရိုက်ဆက်သွယ်တာလည်း ရှိတယ်။ ပြီးရင် အဲဒီအဖွဲ့အစည်းတွေ အားလုံးပေါင်းစပ်ပြီးမှ အလုပ်သမား အခက်အခဲတွေကို ဝိုင်းဝန်း ဖြေရှင်းတယ်။ အောင်မြင်မှုတွေရရှိပြီး အလုပ်သမားတွေရဲ့ စာချုပ်ပါ အခွင့်အရေး ရရှိပါတယ်။ အခုတော့ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နိုင်တာမျိုးမရှိဘူး။ သူတို့ရဲ့ ပါဝင်ပတ်သက်မှုတွေ အရမ်းအားနည်းလာတဲ့အခါမှာ သံရုံးကလည်း အားပျော့သွားတဲ့ အတွက်ကြောင့် အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးသွားပြီ ပြောရပါမယ်။

မေး – အခုတလောမှာ နယ်စပ်ကနေတစ်ဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရတယ်။ အထူးသဖြင့် မဲဆောက်တို့ ကန်ချနာဘူရီတို့မှာ ဖမ်းဆီးခံနေရတယ်။ အဲဒီအခြေအနေရော ဘယ်လိုမျိုးကြားနေရသေးလဲ။ နောက်ပြီး (ဖမ်းဆီးခံရတဲ့) အရေအတွက်က သတင်းတွေအရ ခန့်မှန်းချေ ဘယ်လောက်ထိ သိထားရလဲ။ နောက်ထိုင်းနိုင်ငံအတွင်းပိုင်း ဘန်ကောက်လိုနေရာမျိုးတွေမှာ လုပ်ငန်းခွင်ထဲအထိ ဝင်ရောက်ဖမ်းဆီးတာမျိုး တွေ့နေရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ – ဒါကတော့ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးနိုင်ငံရဲ့ ပြည်သူလူထုတွေရဲ့ အိုးအိမ်စည်းစိမ် လုံခြုံရေးအရ တာဝန်ယူ ရှာဖွေဖမ်းဆီး စစ်ဆေးတာတွေ အမြဲရှိပါတယ်။ မြန်မာနိုင်ငံသားတွေလည်း ကိုယ့်တိုင်းပြည်မှာ ဘယ်လိုမှ နေထိုင်မရတော့လို့ ဥပဒေလမ်းကြောင်းက မဟုတ်ဘဲ တရားမ၀င်နည်းလမ်းတွေနဲ့ နယ်စပ်ဖြတ်ကျော်လာခဲ့ရတယ်။

ဒီအခြေအနေကတော့ သတိပြုရှောင်ရှားပြီး သုံးသပ်ကာ သွားလာလှုပ်ရှားရပါမယ်။ ထိုင်းအစိုးရက အခုအချိန်မှာ အမြဲ ရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။ သူ့နိုင်ငံရဲ့ တည်ဆဲဥပဒေအရ လုံခြုံရေးအရ တချို့လုပ်သားတွေ တားမြစ်ထားတဲ့ လုပ်ငန်းမျိုးတွေမှာ ပါဝင်လုပ်ကိုင်နေတာကြောင့် သတင်းရရင် ရသလို ၀င်ရောက်ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

မေး – ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။

ဖြေ – အဓိကပြောချင်တာက ပြည်တွင်းမှာရှိတဲ့ လူငယ်မောင်မယ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှာ အလုပ်လုပ်ကိုင်မယ်ဆိုရင် အထူးသတိထားပြီး ကိုယ်ကိုယ်တိုင် မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရှာဖွေပြီး ကိုယ်အလုပ်အပ်လိုက်တဲ့ ပွဲစားတွေရဲ့ နောက်ခံသမိုင်း တွေကိုလေ့လာဖို့ တချို့ ပွဲစားတွေက သတ်မှတ်ထားတဲ့ နေရာကို မပို့ဘဲ စွန့်ပစ်တာတွေရှိတယ်။

ပြီးရင် အေဂျင်စီရဲ့ လုပ်ငန်းရာဇဝင်တွေကို သေချာကြည့်ပြီး စာချုပ်ပါအချက်အလက်အတိုင်း အခငွေကြေး ရရှိအောင် ကိုယ်တိုင် တွန်းအားပေး လုပ်ဆောင်ဖို့ လိုပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရင်ပြီးရောဆိုတဲ့ အေဂျင်စီတွေကို ပုံအပ်ထားရင် နောက်ဆက်တွဲ ဆိုးကျိုးအများကြီး ရှိပါတယ်။ အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ အေဂျင်စီတွေကလည်း အလုပ်သမားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ပေးဖို့ ထောက်ပြပြောချင်ပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.