ဘေဂျင်း၊ဇွန် ၂၈

တရုတ်နိုင်ငံကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူနဲ့ သူ့အရင် ကာကွယ်ရေးဝန်ကြီး ဝေဖမ်ဂီတို့ကို စည်းကမ်းပြင်းပြင်းထန်ထန် ချိုးဖောက်မှုနဲ့ ဇွန် ၂၇ ရက်မှာ ထုတ်ပယ်လိုက်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

စည်းကမ်း ချိုးဖောက်တယ်ဆိုတဲ့ ကွန်မြူနစ်ပါတီရဲ့ အသုံးအနှုန်းဟာ အကျင့်ပျက် ခြစားမှုကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။


ကာကွယ်ရေးဝန်ကြီးဟောင်း လီဟာ လာဘ်ငွေ အများကြီး လက်ခံခဲ့သလို အခြားအရာရှိတွေကို လာဘ်ထိုးခဲ့တယ်လို့ ကွန်မြူနစ်ပါတီက သံသယ ရှိနေပါတယ်။

စုံစမ်းစစ်ဆေးရာမှာ ဝန်ကြီးဟောင်းလီဟာ နိုင်ငံရေး တာဝန်တွေကို အပြည့်အဝ မထမ်းဆောင်ခဲ့ဘူးဆိုတာ တွေ့ရှိခဲ့ရပြီး သူကိုယ်တိုင်နဲ့ အခြားအရာရှိတွေ အကျိုးအမြတ်ရအောင် လုပ်ဆောင်ခဲ့ကြောင်း ဆင်ဟွာ သတင်းမှာ ဖော်ပြပါရှိပါတယ်။

လီရှန်ဖူဟာ ပါတီရဲ့ ယုံကြည်မှုအပေါ် သစ္စာဖောက်ခဲ့ပြီး ပါတီရဲ့ အကျိုးကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဟောင်း လီဟာ စစ်လက်နက်တွေ ဝယ်ယူရာမှာ အကျင့်ပျက် ခြစားမှု ရှိတယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးခံနေရကြောင်း ရိုက်တာသတင်းက ပြီးခဲ့တဲ့နှစ်ကတည်းက ဖော်ပြထားတာပါ။

တရုတ်စစ်တပ်ဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ပြီးခဲ့တဲ့နှစ်မှာ စတင် ဆောင်ရွက်ခဲ့ပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ရဲ့ ဗိုလ်ချုပ် ၁၁ ဦးနဲ့ လေကြောင်း ကာကွယ်ရေးလုပ်ငန်း အမှုဆောင် အရာရှိတွေကို အမျိုးသား ဥပဒေပြုအဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။

ဝန်ကြီးဟောင်း လီ မတိုင်ခင်က ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ ဝေဖန်ဂီဟာ ပြီးခဲ့တဲ့မတ်လက ဝန်ကြီးများအဖွဲ့ ရာထူးနေရာ အပြောင်းအလဲ လုပ်မှုအတွင်း ထုတ်ပယ်ခံရပြီးနောက် လူမြင်ကွင်းက ပျောက်နေခဲ့ပါတယ်။

သူဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တရုတ် စစ်တပ်ရဲ့ ဒုံးကျည်တပ်ဖွဲ့ အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ သူကိုယ်တိုင်အတွက် လာဘ်ငွေတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ လက်ခံရယူခဲ့သလို အခြားအရာရှိတွေအတွက် မလျော်ကန်တဲ့နည်းနဲ့ အကျိုးအမြတ်ရအောင် လုပ်ပေးခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဟာ အခြားဥပဒေ ချိုးဖောက်မှုတွေလည်း ရှိခဲ့ကြောင်းကိုလည်း ဆင်ဟွာက ဖော်ပြထားပေမယ့် အသေးစိတ်ကို ဖော်ပြထားတာ မတွေ့ရပါဘူး။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.