ကျိုက်ဒုံ၊ ဇွန် ၂၉
ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းတွေအားလုံးအနေနဲ့ နုတ်ထွက်ပြောင်းရွှေ့တာ ဒါမှမဟုတ် လာရောက်ပူး ပေါင်းကြဖို့ ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီက ဇွန် ၂၈ ရက်စွဲနဲ့ အသိပေးချက် ထုတ်ပြန်ပါတယ်။
အခုလက်ရှိအချိန်မှာ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လျှက်ရှိပြီး ခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှုပ်ထွေးမှုမရှိစေဖို့ အသိပေးထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ပါရှိပါတယ်။
စစ်ကောင်စီလက်အောက်ခံဌာနအသီးသီမှာ အမှုထမ်းဆောင်လျက်ရှိတဲ့ ဝန်ထမ်းတွေအားလုံးအ နေနဲ့ နုတ်ထွက်တာ ပြောင်းရွှေ့တာ ဒါမှမဟုတ် ဒူးပလာယာခရိုင် တပ်မဟာ ၆ နဲ့အတူ လာရောက်ပူးပေါင်းတာတွေ ပြုလုပ်ဖို့နဲ့ စစ်ကောင်စီအပေါ် အားပေးထောက်ခံကူညီတဲ့ ဘယ်လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ဖို့ ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။
အသိပေးထုတ်ပြန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက တပ်မဟာ ၆ အနေနဲ့ အဆင့် ဆင့်သော အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
KNU ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးက ဝန်ထမ်းတွေအနေနဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို မြန်မြန်ရောက်သွားအောင် လာရောက်ပူးပေါင်းပါဝင်ကြဖို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း နေရာအနှံ့တိုက်ပွဲတွေ နေ့ စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်စခန်းတွေကိုလည်း KNLA ဦးဆောင်တဲ့ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်လျက်ရှိနေတာ ဖြစ်ပါတယ်။
တပ်မဟာ ၆ နယ်မြေထဲက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီ ဗျူဟာနဲ့ တပ်ရင်း ၃ ရင်း၊ စုကလိမြို့က ဗျူဟာတပ်စခန်း၊ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာနဲ့ ကျိုက်ဒုံနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေ၊ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ်က တောင်စွန်းတပ်စခန်း စတဲ့ စစ်ကောင်စီတပ်စခန်းအများအပြားကို KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ကို စွန့်ခွာပြီး ပြည်သူလူထုနဲ့ ကရင်အမျိုးသားအစည်း အရုံး KNU ထံ လာရောက်ပူးပေါင်းကြဖို့ကိုလည်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ က ထုတ်ပြန်အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-File Photo(KNU)