မကွေး၊ ဇွန် ၂၇

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာက စစ်ရှောင်တွေ​အတွက် ဆေးဝါးနဲ့ ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲဒီရွာမှာ စစ်ရှောင်ဦးရေ ၁၆၀၀ ဝန်းကျင်ရှိပြီး မိုးရာသီအတွင်းဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေအတွက် ဆေးဝါးတွေအဓိကလိုအပ်နေတယ်လို့ဆိုပါတယ်။

“မိုးကာ၊ မိုးရာသီနဲ့ဆိုင်တဲ့ဆေးဝါး၊ စားရပ်ရိက္ခာတွေပေါ့။ မိုးစပြီဆိုတော့ ဖြစ်ကြတယ်ဗျ။ ရေမျက်နီရွာက စစ်ရှောင်နေရတာလည်း ခုနှစ်လကျော်ပြီဆိုတော့လိုအပ်ချက်တွေရှိလာတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ထီးလင်းမြို့နယ်မှာ ဆန်စပါး ဝယ်ယူဖို့အတွက်လည်း ခက်ခဲလာတာကြောင့်စစ်ရှောင်တွေအတွက် ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှာ ရေမျက်နီရဲစခန်းကို AA အပါအဝင် ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်စဉ်ကတည်းကစလို့ ရေမျက်နီကျေးရွာဟာ ရွာလုံးကျွတ်နီးပါးစစ်ဘေး​ရှောင်နေရတာပါ။

ရေမျက်နီကျေးရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီးတော့ စစ်​ရှောင်ဦးရေ ၁၆၀၀ ဝန်းကျင်ရှိနေကာ ထီးလင်းတစ်မြို့နယ်လုံးအတိုင်းတာနဲ့ စစ်ရှောင် ၃၀၀၀ ဝန်းကျင်ရှိပြီး သူတို့တွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆွေမျိုးနီးစပ်တွေက ကူညီစောင့်ရှောက်ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကစလို့ လုံခြုံရေးလိုအပ်ချက်အရ ရေမျက်နီကျေးရွာအတွင်း ဖြတ်သန်းသွားလာခွင့်ကို ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းက ပိတ်ပင်ထားပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.