ဝါရှင်တန်၊ ဇွန် ၂၇

ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သားတွေ စေလွှတ်ခဲ့မယ်ဆိုရင် အမြောက်စာ ဖြစ်သွားလိမ့်မယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ခြိမ်းခြောက်လိုက်ပါတယ်။

ဇွန် ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပင်တဂွန် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ပက်ရိုက်ဒါကို သတင်းထောက် တစ်ယောက်က မြောက်ကိုရီးယား ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေဟာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသတွေဆီ ဝင်ရောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသတွေဆီ မြောက်ကိုရီးယား စစ်မှုထမ်းတွေ ဝင်ရောက်နိုင်ခြေနဲ့ ပတ်သက်လို့ ဗိုလ်မှူးချုပ် ရိုက်ဒါက စောဒက မတက်ဘဲ ဒီကိစ္စဟာ မျက်ခြေမပြတ် စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မိမိအနေနဲ့ မြောက်ကိုရီးယားစစ်သားတွေနဲ့ ပတ်သက်လို့ စီမံခန့်ခွဲရမယ့်တာဝန်ကို ယူထားသူဆိုရင် တရားမဝင်စစ်ပွဲမှာ အမြောက်စာ ဖြစ်သွားနိုင်တဲ့ စစ်သားတွေကို စေလွှတ်ဖို့ ဆုံးဖြတ်မယ့်အရေးကို မေးခွန်း ထုတ်မိလိမ့်မယ်လို့ထင်မြင်ကြောင်း ဗိုလ်မှူးချုပ် ရိုက်ဒါက ပြောကြားပါတယ်။

တောင်ကိုရီးယား ရုပ်သံသတင်းဌာန တစ်ခုက မြောက်ကိုရီးယားဟာ ရုရှားသိမ်းထားတဲ့ ယူကရိန်းဒေသတွေဆီ အင်ဂျင်နီယာလုပ်ငန်းတွေ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။

အခုလ လဆန်းပိုင်းက ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ တိုက်ခိုက်ခံရတဲ့ အခြေအနေမှာ အချင်းချင်း ကူညီကာကွယ်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့က နှစ်နိုင်ငံထဲက တစ်နိုင်ငံကို အခြား နိုင်ငံတစ်ခုက ဒါမှမဟုတ် နိုင်ငံအများက တိုက်ခိုက်လာလို့ စစ်ရေး အခြေအနေနဲ့ ကြုံလာရင် အချင်းချင်း မနှောင့်နှေးဘဲ စစ်ရေး အကူအညီပေးပါမယ်လို့ သဘောတူညီမှုက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားက အဲဒီ သဘောတူညီမှုကို အပြင်းထန်ဆုံး ဝေဖန်ခဲ့ပြီး သူတို့ရဲ့ နိုင်ငံလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းသို့ လက်နက် မပေးပို့ဖို့ တောင်ကိုရီးယားကို သတိပေးထားပြီး လက်နက်တွေ ပေးပို့ခဲ့ရင် အကြီးကြီးမှားလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Ref:FOX News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.