ဘန်ကောက်၊ ဇွန် ၂၇

မြန်မာစစ်ကောင်စီအတွက် နိုင်ငံတကာ ဘဏ္ဍာရေး ဝန်ဆောင်မှုပေးရာမှာ ထိုင်းဘဏ်တွေဟာ အဓိကဝန်ဆောင်မှုပေးတဲ့ ဘဏ်တွေ ဖြစ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ် အန်ဒရူးရဲ့ ဇွန် ၂၆ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုဝန်ဆောင်မှုတွေ ပေးနေတာကြောင့် စစ်ကောင်စီဟာ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုင်ရင်းသားလက်နက်ကိုင်တပ်တွေကို ဆိုးရွားတဲ့တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူလို့ ရနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြဖို့ ကုလသမဂ္ဂက ခန့်အပ်ထားသူ တွမ် အန်ဒရူးရဲ့ အစီရင်ခံစာမှာ စစ်ကောင်စီဟာ အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် အရင်က အသုံးပြုလို့ရတဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကို အသုံးမချနိုင်တော့ဘူးလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ ဘဏ္ဍာရေး ဝန်ဆောင်မှုပေးတဲ့ ဘဏ်တွေ အပြောင်းအလဲ လုပ်ပြီးနောက် လက်နက်တွေ ဆက်လက်ဝယ်ယူလို့ ရနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အရင်က စင်ကာပူလုပ်ငန်းတွေနဲ့ တွဲဖက် လုပ်ကိုင်ခဲ့ပြီး အခုအချိန်မှာတော့ အဲဒီလုပ်ငန်းတွေကို ထိုင်းကုမ္ပဏီတွေက ဝင်ရောက် လုပ်ကိုင်ပေးနေတယ်လို့ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် ဆက်လက် ရပ်တည်နိုင်ရေးနဲ့ လက်နက်ဝယ်ယူရေးအတွက် ကျယ်ပြန့်တဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကွန်ရက်မှာ ပါဝင်နေဆဲ ဖြစ်ကြောင်းလည်း တွမ် အန်ဒရူးက အစီရင်ခံထားပါတယ်။

ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၇ နိုင်ငံမှာ ရှိနေတဲ့ ဘဏ်ပေါင်း ၁၆ ခုဟာ စစ်ကောင်စီရဲ့ ဝယ်ယူမှုတွေနဲ့ ပတ်သက်တဲ့ ငွေလွှဲပြောင်းပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ပိုင် ဘဏ်တွေအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို ဘဏ်ပေါင်း ၂၅ ခုက ပြုလုပ်ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာကို ကုလသမ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်ပြထားပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံခြားဘဏ်တွေကို ဘယ်လိုဆက်လက် အသုံးချလို့ ရနေကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။

သတင်းကောင်းကတော့ စစ်ကောင်စီဟာ အထီးကျန်မှု ပိုများလာတယ်လို့ အထူးကိုယ်စားလှယ် အန်ဒရူးက ပြောပါတယ်။

တရားဝင်ဘဏ်စနစ်တွေကတဆင့် စစ်ကောင်စီရဲ့ နှစ်စဉ် လက်နက် ဝယ်ယူမှုဟာ ၂၀၂၃ ခုနှစ်မတ်လမှာ အဆုံးသတ်တဲ့ နှစ်ကထက် နောက်တစ်နှစ်အတွင်း သုံးပုံတစ်ပုံ လျော့နည်းသွားတယ်လို့ သိရပါတယ်။

သတင်းဆိုးကတော့ စစ်ကောင်စီဟာ အရေးယူပိတ်ဆို့မှုတွေရဲ့ ဟာကွက်တွေကို အသုံးချပြီး နိုင်ငံခြားဘဏ်တွေကို အပြောင်းအလဲ ပြုလုပ်ပြီးနောက် စစ်လက်နက်တွေ ဆက်လက် ဝယ်ယူလို့ ရနေတာပဲ ဖြစ်တယ်လို့ အထူးကိုယ်စားလှယ် အန်ဒရူးက ပြောပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.