ကျောက်မဲ၊ ဇွန် ၂၇

တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ကျော့ပြန် စတင်ခဲ့တဲ့ ရှမ်းမြောက်က တိုက်ပွဲတွေမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၅ ရက်နေ့ မနက်အစောပိုင်းကစပြီး ၁၀၂၇ စစ်ဆင်ရေး အဆက်အဖြစ် မိုးမိတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA ၊ မန္တလေး PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

နှစ်ရက်တာ တိုက်ပွဲအတွင်း ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၂၄ ခု သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီတပ်သား အလောင်း ၂၀ နဲ့ လက်နက်ချ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၁၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါအပြင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၅၁ လက်၊ RPG-7 ၁ လက်၊ ၆၀ မမ ၁ လက်၊ စက်လက် ၁ လက်၊ ကား ၂ စီး၊ ဒရုန်းကာကွယ်တဲ့ ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့က မြို့ပေါင်း ၂၀ ကျော်နဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် ၄၀၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.