တနင်္သာရီ၊ ဇွန် ၂၈

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာကို ဇွန် ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြိတ်မြို့ လေတပ်ကနေ တက်လာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျွဲထိန်းကုန်းကျေးရွာထဲကို ဗုံးငါးလုံးကြဲချပြီးနောက် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လတ်တလောမှာ နေအိမ်နှစ်လုံးထက်မနည်း ပျက်စီးထားတယ်လို့သိရပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ် မသိရသေး ပါဘူး။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျွဲထိန်းကုန်းကျေးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်တပ်လော်ဘီတွေကတော့ ကျွဲထိန်းကုန်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်ခိုအောင်းနေတဲ့အတွက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ဒေသခံတွေကတော့ ကျွဲထိန်းကုန်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဖြတ်သန်းသွားလာမှုသာရှိနေပြီး ရွာထဲမှာ တစ်ခါမှနေထိုင်ဖူးတာ မရှိဘူးလို့ ဆိုပါတယ်။

အခုနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုအထိ သိမ်းပိုက်ခံထားရတဲ့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီ လအထိ လေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၆၀ နီးပါး သေဆုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.