မော်လမြိုင် ၊ ဇွန် ၂၈

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပါအဝင် စားဝတ်နေရေးအခက်အခဲတွေကြောင့် ပြည်ပနိုင်ငံတွေထံ သွားရောက်အလုပ်လုပ်ကိုင်သူတွေ လူကုန်ကူးခံရမှု မြင့်တက်လာတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာမှုနဲ့အတူ မိသားစုစားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှု မြင့်တက်လာတာပါ။

တဖက်မှာတော့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ စစ်မှုထမ်းရှောင်ကွင်းဖို့အတွက် နီးစပ်ရာနိုင်ငံတွေထံ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းရာကနေ လူကုန်ကူးခံရမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးကတော့ စစ်မှုထမ်းဥပဒေအပြင် ပြည်တွင်းလုပ် ခလစာနည်းပါးတဲ့အတွက် ပြည်ပနိုင်ငံတွေထံ သွားရောက်အလုပ်လုပ်ကိုင်ရာကနေ ရောင်းစားခံရတာနဲ့ လူကုန်ကူးခံရမှုတွေ များလာတယ်လို့ ပြောပါတယ်။

“ပြည်ပထွက်ခွာမှုတွေ သိပ်များတယ်။ များရခြင်း အကြောင်းအရင်းမှာ စစ်မှုထမ်းဥပဒေကြောင့် နောက်ဆက်တွဲ ထွက်တာတွေရှိသလို အဓိကကတော့ အဲဒါထက်စာလို့ရှိရင် လုပ်ခဈေးနည်းလို့ အလုပ်လုပ်နေရင် ထမင်းငတ်တာ၊ ချက်ချင်းရင်ဆိုင်ရတဲ့ကိစ္စလေနော်။ ထမင်းငတ်တဲ့ကိစ္စကိုတော့ ရေရှည်တာရှည် တောင့်မခံနိုင်ဘူးလေ။ အဲဒီတော့ နည်းလမ်းပေါင်းစုံနဲ့ ထွက်တဲ့အခါကျတော့ တ ဖက်ကလည်း လူကုန်ကူးခံရတာတို့၊ ရောင်းစားခံရတာတို့ ပြည်တွင်းမှာလည်း အလိမ်အလည်ခံရတဲ့ ကိစ္စတွေကလည်း အများကြီးဖြစ်နေတာပဲ”လို့ ပြောပါတယ်။

ပြည်ပနိုင်ငံတွေကို တရားဝင်ထွက်ခွာဖို့ကလည်း စစ်ကောင်စီရဲ့ တင်းကျပ်တဲ့ ထုတ်ပြန်ချက်တွေ၊ ကန့်သတ်ချက်တွေအပြင် အချိန်ကြန့်ကြာမှုတွေ ရှိနေတဲ့အတွက် တရားမဝင်ထွက်ခွာမှုများပြီး အခုလိုလူကုန်ကူးခံရမှုတွေ ဖြစ်လာတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လူကုန်ကူးခံရသူတွေကို ကူညီဆောင်ရွက်နေသူတစ်ဦးကလည်း စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် တရားမဝင်ထွက်ခွာတဲ့အတွက် လူကုန်ကူးခံရမှုတွေ အရမ်းများလာသလို ကျားဖြန့်တွေမှာလည်း လူကုန်ကူးခံနေရတာတွေ ရှိတယ်လို့ ပြောပါတယ်။

“လောလောဆယ်ကတော့ နောက်ဆုံးထုတ်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပိုပြီးတော့ လူကုန်ကူးမှုတွေ အရမ်းများသွားတယ်။ လူငယ်တွေကနေပြီး ရရာနည်းပေါင်းစုံနဲ့ အပြင်ကိုထွက်တဲ့အချိန်မှာ တရားမဝင်တွေ ထွက်တဲ့အတွက် လူကုန်ကူးမှုတွေ ဖြစ်တယ်ပေါ့နော်။ အခုတဖြည်း ဖြည်းနဲ့ ကျားဖြန့်ကိစ္စက တွင်တွင်ကျယ်ကျယ် ဖြစ်လာပြီ။ အဓိကပစ်မှတ်ကလည်း နယ်မြေမတည်ငြိမ်တဲ့ နေရာဒေသက လူငယ်တွေကို ပစ်မှတ်ထားတာကို တွေ့ရတယ်။ ဒီဘက်ကလည်း စစ်မှုလုံးဝမထမ်းချင်တဲ့အတွက်ကို အဲဒီမှာတင်ပဲ ကျားဖြန့်လုပ်ငန်းက လူလိမ်တွေနဲ့ပေါ့နော်။ အဲဒီလိုတွေ့ပြီးတော့ လူကုန်ကူးမှုတွေဖြစ်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လူကုန်ကူးခံရသူအများစုဟာ တရားမဝင်လုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ရောင်း စားခံရတာတွေရှိပြီး လစာခေါင်းပုံဖြတ်ခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာတွေကအစ ရှိနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လူကုန်ကူးခံရသူအများစုဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း လူကုန်ကူးခံရတာ တွေ့ရပြီး တိုက်ပွဲတွေ ဖြစ်ပွားရာ နယ်မြေမတည်ငြိမ်တဲ့ ဒေသတွေက လူတွေအများဆုံး လူကုန်ကူးခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ လူကုန်ကူးခံရမှု အဆိုးဆုံးအဆင့် Tier 3 မှာ ဆက်ပြီး သတ်မှတ်ထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.