သထုံ၊ ဇွန် ၂၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူလူထု တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

KNU သထုံခရိုင်အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ဘားအံမြို့နယ်တို့ကို ပြီးခဲ့တဲ့လကစပြီး စစ်ကောင်စီတပ်ကနေ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေပြီး အဲဒီထဲမှာ ကျိုက်ထိုမြို့ နယ်ဟာ အဆိုးဝါးဆုံး ခံစားခဲ့ရတာပါ။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်း၊ ပိန္နဲကုန်း၊ အ ခိုင်၊ ခရွဲနဲ့ ဝင်းကလောကျေးရွာအုပ်စုက ဒေသခံပြည်သူလူထု ၁၂၉၅၉ ဦးဟာ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်တောတောင်တွေမှာ ပုန်းခိုနေထိုင်နေရပါတယ်။

KNU သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ “အားလုံးကတော့ အိမ်မှာပြန်နေလို့ မရဲသေးဘူး။ ကျိုက်ထိုမြို့နယ်က အခိုင်တို့၊ပိန္နဲကုန်းတို့က ထွက်ပြေးတိမ်းရှောင်နေရတာ။ အားလုံးကလည်းပြန်လာလို့ မရဲသေးသလို လက်နက်ကြီးကလည်းအမြဲကျနေတာကိုး။ တချို့ကတော့ တောတောင် ထဲမှာနေတယ်။ တချို့ ကတော့ ဆွေမျိုးရှိရာရွာမှာ သွားပြီးတော့နေထိုင်ကြတယ်” လို့ ပြောကြားခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက်ရှည်ကြာလာတာနဲ့အမျှ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် လူသားချင်းစာနာမှု အကူအညီ လိုအပ်မှုမြင့်တက် နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလအတွင်း တောတောင်တွေမှာ တိမ်းရှောင်နေရတာကြောင့် ငှက်ဖျားနဲ့ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေအတွက် KNU သထုံခရိုင်အနေနဲ့ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေကအစ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကူညီနေပေမယ့် လူဦးရေများတာကြောင့် လိုအပ် ချက် မြင့်မားနေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ကျိုက်ထိုမြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သထုံခရိုင်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူလူထု တစ်သိန်းလေးသောင်းကျော် စစ်ရှောင်ခဲ့ရပြီး အဲဒီထဲမှာ လူဦးရေ တစ်သောင်းလောက်ဟာ အမြဲတမ်းစစ်ရှောင်တွေအဖြစ် ဆက်ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.