မန္တလေး၊ ဇွန် ၂၅

မန္တလေးတိုင်း မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

စစ်ကိုင်းဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် (ခေါ်) ထက်ထက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် အကြမ်းဖက် ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ် ကျခံနေရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်ဟာ မန္တလေးအိုးဘို အကျဉ်းထောင်တွင်းက အကျဉ်းဦးစီး ဝန်းထမ်းတွေရဲ့ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် အဲ့ဒီနေ့ နေ့လည်ပိုင်းက မန္တလေးပြည်သူ့ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ PPNM က ဆိုပါတယ်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးရဲ့ ပြောပြချက်အရ အခန်းစာရေးအဖြစ် လုပ်ကိုင်နေတဲ့ အကျဉ်းသားတစ်ဦးဟာ မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေတာကို ကိုထက်ရန်နိုင်က တွေ့ရှိခဲ့ပြီး အကျဉ်းဦးစီးဝန်းထမ်းတွေကို တိုင်တန်းရန် ကြိုးစားခဲ့ပေမယ့် အခန်းသူကြီးတန်းစီးက မတိုင်ကြားဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တာပါ။

အဲ့ဒီနောက် အခန်းစားရေးအကျဉ်းသားက မကျေနပ်ဘဲ အိုးဘိုထောင် အဆောင် ၃ ရဲ့ ဒုအဆောင်မှူး တပ်ကြပ်ဇေယျာအောင်ကို လုပ်ကြံလီဆယ်ပြီး တိုင်းကြားခဲ့ရာ ဒုအဆောင်မှူးမှ ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုထက်ရန်နိုင်က သူ့မှာ အပြစ်မရှိလို့ မရိုက်နက်သင့်ကြောင်း ပြန်ပြောဆိုရာမှာ ထောင်ဝန်ထမ်းတွေက ကလန်ကဆန်လုပ်တယ်လို့ စွပ်စွဲကာ ဒေါက်ခြေကျင်းခတ်ပြီး အပြစ်ပေးဖို့ အတင်းအဓမ္မ ခေါ်ဆောင်သွားပြီးနောက် တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက်၊ အကျဉ်းသားဖိုးကေနဲ့ အခြားအကျဉ်းထောင် ဝန်ထမ်းတွေက ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။

အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် ခန္ဓကိုယ်နဲ့ ဦးခေါင်းမှာ ညိုမဲဒဏ်ရာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး သတိလက်လွတ် ကယောင်ကတမ်း ဖြစ်လာတာကြောင့် ကိုထက်ရန်နိုင်ကို ကြိုးတုပ်ကာ ဝီးချဲလ် (Wheel Chair) ပေါ်တင်ပြီး ထောင်ဆေးရုံဘက်ကို ခေါ်ဆောင်သွားကာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မပေးဘဲ အရူးတိုက်မှာ ပိတ်လှောင် ထားခဲ့တယ်လို့ PPNM က ဆိုပါတယ်။

အဲ့ဒီနောက် အကျဉ်းထောင်တာဝန်ခံတွေက အသက်ငွေ့ငွေ့သာ ကျန်တော့တဲ့ ကိုထက်ရန်နိုင်ကို နေ့လည် ၁ နာရီ အချိန်ခန့်မှာ မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ခဲ့ပြီး ဆေးရုံမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အခုလို အကျဉ်းထောင်းတွင်း ဥပဒေမဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်စေဖို့ အမိန်ပေး စေခိုင်းသူ ပူးပေါင်းပါဝင်သူနဲ့ ကျူးလွန်သူအားလုံးကို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေကို လုပ်ဆောင်သွားမယ်လို့ PPNM က ဆိုထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း နိုင်ငံတဝန်းက အကျဉ်းထောင်တွင်းနဲ့ ထောင်ပြင်ပတွေမှာ ဥပဒေမဲ့ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၉ ဦးထက်မနည်း ရှိတယ်လို့ PPNM ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်တွင်းမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ၃၄ ဦးရှိပြီး အဲ့ဒီထဲမှာ ထောင်းတွင်း သတ်ဖြတ်ခံရသူ ၁၈ ဦးနဲ့ ဆေးဝါးကုသခွင့် မရတာကြောင့် သေဆုံးခဲ့ရသူ ၁၆ ဦး ရှိခဲ့တယ်လို့ PPNM က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.