လန်ဒန်၊ ဇွန် ၂၆
ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆွန်နက်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အမှတ်မထင် မကြေညာခင် သီတင်းပတ်အနည်းငယ်အလိုမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ရက်စွဲနဲ့ ပတ်သက်လို့ အလောင်းအစား ၃ ခုကို ပြုလုပ်ခဲ့ကြောင်း အစိုးရအဖွဲ့ဝင် ကွန်ဆာဗေးတစ်ဝန်ကြီး တစ်ဦးက ဝန်ခံလိုက်ပါတယ်။
စကော့တလန်ဝန်ကြီး အလီဆာ ဂျက်က ပြီးခဲ့တဲ့ မတ်လအတွင်း အလောင်းအစား နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာ ဇူလိုင်လနဲ့ စက်တင်ဘာလကြားမှာ ကျရောက်လိမ့်မယ်လို့ ဧပြီလက လောင်းထားတာ မှန်သွားခဲ့တယ်လို့ ပြောပါတယ်။
လွှတ်တော်မှာ ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဝင်မပြိုင်တော့တဲ့ အစိုးရဝန်ကြီး ဂျက်က သူ့အနေနဲ့ ဘာဥပဒေကိုမှ မချိုးဖောက်ခဲ့ဘူးလို့ ပြောပါတယ်။
သူဟာ အဲဒီ အလောင်းအစားတွေထဲက တစ်ခုမှာ စတာလင်ပေါင် ၂၁၀၀ အနိုင်ရခဲ့တယ်လို့ အရင်က ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နောက်ပြောင် ပြောဆိုတာဖြစ်တယ်လို့ ပြန်ပြောခဲ့ပါတယ်။
ဇွန် ၂၅ ရက်က ပြောကြားရာမှာတော့ ဝန်ကြီး ဂျက်က သူဟာ စတာလင်ပေါင် ၂၀ လောင်းကြေးထပ်ခဲ့ပြီး ပေါင် ၁၂၀ အနိုင် ရရှိခဲ့တယ်လို့ ဝန်ခံပါတယ်။
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီး မတ်လမှာ စတာလင် ၅ ပေါင်စီ နှစ်ကြိမ် လောင်းခဲ့တယ်လို့ သူက ပြောပါတယ်။
ဝန်ကြီးချုပ် ဆွန်နက်က အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မေ ၂၂ ရက်မှာပဲ အမှတ်မထင် ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို မကြေညာခင်အထိ သူ့အနေနဲ့ အဲဒီ ရက်ကို ကြိုမသိထားခဲ့ဘူးလို့ ဝန်ကြီး ဂျက်က ပြောပါတယ်။
သူဟာ ဘောရစ် ဂျွန်ဆင်၊ လစ်ဇ်ထရပ်စ်၊ ရီရှီ ဆွန်နက်တို့ရဲ့ ဝန်ကြီးချုပ် သက်တမ်းတွေအတွင်း ဗြိတိန်ဝန်ကြီးများအဖွဲ့မှာ ၂၀၁၉ ခုနှစ်ကတည်းက စကော့တလန်ကို ကိုယ်စားပြုလာခဲ့သူ ဖြစ်ပါတယ်။
လောင်းကစား ကော်မရှင်ကတော့ အခု စုံစမ်းစစ်ဆေးမှုမှာ ပါဝင်နေသူတွေကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အတည်ပြုမှာ မဟုတ်သလို ငြင်းဆိုမှာလည်း မဟုတ်ကြောင်း ပြောကြားထားပါတယ်။
Ref:BBC