ရေး၊ ဇွန် ၂၇
မွန်ပြည်နယ် ရေးမြို့အခြေစိုက် ရေးမြို့မရဲစခန်းက ဒုရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း ဝင်လာတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဇွန် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒုရဲတပ်ကြပ် ရဲထက်ပိုင်ဟာ AK 47 သေနတ် တစ်လက်၊ ကျည်အတောင့် ၆၀ ၊ ကျည်ဘောက်နှစ်ခုယူဆောင် လာပြီး ရေးဘီလူးအဖွဲ့ထံ အလင်းဝင်ခဲ့တာပါ။
လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ ဒုရဲတပ်ကြပ် ရဲထက်ပိုင်ကို ရေးဘီလူးတပ်ဖွဲ့က ငွေကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒုရဲတပ်ကြပ်ရဲထက်ပိုင် အလင်းဝင်မှုဟာ အာဏာသိမ်းကာလအတွင်း ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦး ပထမဆုံး အလင်းဝင်မှုဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ အတင်းအကြပ် ဖိအား ပေးခံရတာ၊ အချိန်ပြည့်စစ်မှုထမ်းဆောင်ရတာနဲ့ မလုံခြုံမှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေထံ မကြာခဏ ဆိုသလို အလင်းဝင်တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်ဟာ KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ခဲ့ပါတယ်။
လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လအထိ မွန်ပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၇ ဦး ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီလူးအဖွဲ့ခေါင်းဆောင် FB