သည်ဟေ့ဂ်၊ ဇွန် ၂၆

နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC က ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂျီ ရှိုဂူးနဲ့စစ်ဦးစီးချုပ် ဘာလာရီ ဂျီရာဆီမော့ဗ်တို့ကို ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ရုရှားအရာရှိ နှစ်ဦးဟာ ယူကရိန်းစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိကြောင်း ICC တရားသူကြီးတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၂၃ ခုနှစ် မတ်လကြားမှာ အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်မှုအတွက် ကာကွယ်ရေးဝန်ကြီး ရှိုဂူးနဲ့ စစ်ဦးစီးချုပ် ဂျီရာဆီမော့ဗ်တို့ဟာ ရာဇဝတ်မှုဆိုင်ရာအရ တာဝန်ရှိတယ်လို့ ယုံကြည်ရနိုင်တဲ့ အကြောင်းရင်းတွေ ရှိနေကြောင်း တရားရုံးက ပြောပါတယ်။

ယူကရိန်း လျှပ်စစ်ဓာတ်အားပေး အဆောက်အဦကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုအတွက် သူတို့နှစ်ယောက်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းအရင်းတွေ ရှိနေကြောင်း ICC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ICC ရဲ့ အဲဒီဆုံးဖြတ်ချက်က ယူကရိန်းနိုင်ငံသားတွေအပေါ် ရုရှား ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု မလွဲဧကန် ရရှိမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားထားပါတယ်။

ဝန်ကြီး ရှိုဂူးကို ICC က ဖမ်းဝရမ်းထုတ်လိုက်တာဟာ အရေးမပါတဲ့ လုပ်ရပ်ဖြစ်ပြီး ဒါဟာ မော်စကိုအစိုးရကို တိုက်ခိုက်မှု ဖြစ်တယ်လို့ ရုရှား လုံခြုံရေးကောင်စီက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကာလရှည် မဟာမိတ်တစ်ယောက် ဖြစ်သူ ဝန်ကြီး ရှိုဂူးဟာ ၂၀၁၂ ခုနှစ်ကတည်းက တာဝန်ယူလာခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကနေ ပြီးခဲ့တဲ့လမှာပဲ ဖယ်ရှားခံခဲ့ရတာပါ။

သူဟာ အခုအချိန်မှာ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

ICC က သမ္မတပူတင်ကိုလည်း အလိုရှိကြောင်း ၂၀၂၃ ခုနှစ် မတ်လကတည်းက ကြေညာထားပါတယ်။

သမ္မတ ပူတင်ဟာ ယူကရိန်းနိုင်ငံက ကလေးတွေကို ရုရှားသို့ ဥပဒေနဲ့ မညီဘဲ ပို့ဆောင်ခဲ့တယ်လို့ တရားရုံးက ပြောကြားခဲ့ပြီး စစ်ရာဇဝတ်မှုနဲ့ စွဲချက် တင်ထားတာ ဖြစ်ပါတယ်။

သမ္မတ ပူတင်ရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး မာရီယာ အယ်ဘိုလာ ဘီလိုဘာကိုလည်း တရားရုံးက ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ICC မှာ သံသယရှိသူတွေကို ဖမ်းဆီးပိုင်ခွင့် အာဏာမရှိတာကြောင့် အဲဒီ အမိန့်တွေဟာ ထိရောက်မှု အားနည်းနေပါတယ်။

ဒါပေမဲ့ တရားရုံးရဲ့ ဖမ်းဝရမ်းတွေကြောင့် သမ္မတ ပူတင်ရဲ့ ပြည်ပ ခရီးစဉ်တွေကို လျော့သွားစေခဲ့ပါတယ်။

သူဟာ ပြည်ပနိုင်ငံတွေဆီ သွားရောက်တာမျိုး ရှိပေမယ့် ICC အဖွဲ့ဝင်နိုင်ငံတွေကို ရှောင်ရှားနေတာ တွေ့ရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.